မိုင်းရယ်မှာ စစ်ကောင်စီနဲ့ MNDAA တို့ နှစ်ဖက်စစ်အင်အားဖြည့်တင်းနေ

RFA Burmese
2024.09.26
မိုင်းရယ်မှာ စစ်ကောင်စီနဲ့ MNDAA တို့ နှစ်ဖက်စစ်အင်အားဖြည့်တင်းနေ မိုင်းရယ်မြို့ အဝင်တစ်နေရာအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်အတွင်းမှာ စက်တင်ဘာလ ၂၅ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့တွေဟာ စစ်အင်အားဖြည့်တင်းမှုတွေ လုပ်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီဟာ မိုင်းရယ်ကို အခြေပြုပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက သိမ်းပိုက်ခံထားရတဲ့မြို့တွေကို ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာကြောင့် MNDAA ဘက်ကလည်း စစ်အင်အားဖြည့်တင်းမှုတွေလုပ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က မိုင်းရယ်မြို့နယ်အတွင်း စစ်အင်အားထပ်ဖြည့်နေသလို MNDAA ဘက်ကလည်း မိုင်းရယ်မြို့အထွက် ဟိုယရွာအနီးကို စစ်အင်အားတွေထပ်ဖြည့်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုင်းရယ်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“နှစ်ဖက်လုံးပဲ အင်အားတွေထပ်ဖြည့်နေတာ။ မိုင်းရယ်မြို့ခံတွေကတော့ စိုးရိမ်နေကြတာပေါ့။ မြို့အနီးမှာက အခြေအနေက လှုပ်လှုပ်ရှားရှား ဖြစ်လာနေတော့လေ။ စစ်တပ်ရော၊ SSPP ရှမ်းတပ်ရော၊ ကိုးကန့်တပ်ရောက နီးနီးကပ်ကပ်ရှိနေတာ။ ပြီးတော့ အင်အားတွေထပ်တိုးနေတာ”

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလအတွင်း MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့နဲ့ မိုင်လေးဆယ်ကျော် ဝေးတဲ့ မိုင်းရယ်မြို့ အထွက်က ဟိုယ ရွာကိုလည်း ထိန်းချုပ်ထားတာပါ။

မိုင်းရယ်မြို့ အထွက်က စစ်ကောင်စီတပ်နဲ့ ဟိုယ ရွာမှာ တပ်စွဲထားတဲ့ MNDAA တပ်ဖွဲ့ကြား တစ်ဖာလုံခန့် အကွာဝေးကနေ နှစ်ဖက်စစ်ရေး ဆိုင်ထားတဲ့အခြေအနေဖြစ်ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ကတော့ မိုင်းရယ်မြို့အတွင်းမှာ နေရာယူထားပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးတွဲလှုပ်ရှားနေတဲ့ အခြေအနေကို တွေ့ရတယ်လို့ ဆိုပါတယ်။

မိုင်းရယ်မြို့အတွင်း တိုက်ပွဲတွေ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် မြို့ခံအချို့ ဘေးလွတ်ရာကို တိမ်းရှောင်ကြတာမျိုးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ MNDAA ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း နှစ်ဆယ်ကျော်ကို MNDAA နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ထားပြီး မိုင်းရယ်၊ တန့်ယန်း၊ နမ့်လန် ၊မူဆယ်မြို့ လေးခုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။