ဖားကန့် တာမခန်တိုက်ပွဲပြင်းထန်နေ
2024.02.28
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာက စစ်ကောင်စီတပ်စခန်းမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ တစ်သောင်းခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
တာမခန်မှာ အခြေစိုက်တဲ့ စစ်ကောင်စီ ခမရ (၁၁၉) နဲ့ တာမခန်နယ်မြေ ရဲစခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့ညက ရဲစခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။
အခုလက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း မနေ့ညက လေကြောင်းသုံးပြီး ဗုံးအလုံးရေ ၁၀၀ ခန့်နဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ KPDF ရဲဘော်တစ်ဦးက RFA ကို ပြောပါတယ်။
“အခြေအနေက တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ။ မနေ့က လေယာဉ် တစ်စီးတည်း ဗုံးအလုံးတစ်ရာလောက် ချသွားတယ်။ ဗုံးကြဲလေယာဉ်နဲ့။ ပြည်သူတွေ တော်တော်များများတော့ စစ်ရှောင်နေကြရတယ်။ ဟိုဘက်လည်းပစ်၊ ဒီဘက်လည်းပစ်ဆိုတော့။ တာမခန်စခန်းကိုတော့ ဝိုင်းထားတာပေါ့။ သူတို့က ဖားကန့်ကနေ လက်နက်ကြီးနဲ့ပစ်တယ် ပြီးတော့ လေကြောင်းနဲ့ ပစ်တယ်။ မနေ့ကတော့ တစ်ခါဝိုက်ရင် ၁၀ လုံး အဲလို ၁၀ ကြိမ်လောက်ဝိုက်ပြီး ချသွားတယ်“
တာမခန် ဒေသခံတစ်ဦးကလည်း တိုက်ပွဲကြောင့် အဲဒီဒေသမှာ လာရောက်အလုပ်လုပ်နေကြတဲ့ အခြားဒေသက ဒေသခံတွေ အပါအဝင် တာမခန်ဒေသခံ တစ်သောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ RFA ကို ပြောပါတယ်။
“စစ်ရှောင်နေရတာ အခက်အခဲတွေတော့ရှိတယ်။ ဘယ်လိုလဲဆိုတော့ လေယာဉ်တွေနဲ့ တအားလာနေတော့ ကြောက်ကြောက်လန့်လန့်နဲ့ နေနေကြတယ်။ အများပိုင်းက မှော်ဟောင်းဘက်တွေမှာပဲ ရှောင်နေကြတယ်။ တစ်နေရာနဲ့ တစ်နေရာ ရှောင်နေကြတော့ စာရင်းအတိအကျရဖို့တော့ ခက်တယ်။ တစ်ရွာလုံး အနေအထားနဲ့ဆိုရင်တော့ သောင်းဂဏန်းတော့ရှိမယ်။ အခုတောင်မှ အောက်ပိုင်းကို ဆင်းတဲ့လူတွေ လမ်းမှာကားတွေ တအားပိတ်နေတယ်။ မနေ့ကကြောင့်လေ။ မနေ့ညက တော်တော်လေး အခြေအနေဆိုးသွားတယ် သူတို့ ဗုံးကြဲလေယာဉ်နဲ့ကို လာဆော်သွားတယ်ဆိုတော့လေ”
အခုတိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့တွေက ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေ ပြောဆိုပေမယ့် RFA က အတည်မပြုနိုင်သေးပါဘူး။
အမည်မဖော်လို KIA သတင်းရင်းမြစ်တစ်ဦးကတော့ အခုတာမခန် တိုက်ပွဲအတွင်း အလင်းဝင်လာတဲ့သူနဲ့ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ ၂၂ ယောက်ရှိတယ်လို့လည်း ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးစိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
၂၀၂၄ ဇန်နဝါရီလနဲ့ ဖေဖော်ရီလတွေမှာ စစ်ကောင်စီရဲ့ ဖားကန့်ဒေသအတွက် အရေးပါတဲ့ တပ်စခန်းတွေဖြစ်တဲ့ ဝှေခါစစ်ကောင်စီတပ်စခန်းနဲ့ နန့်တိန် စစ်ကောင်စီ တပ်စခန်းတွေကိုလည်း (KIA) က သိမ်းပိုက်ထားပါတယ်။