မိုးမောက်မြို့ကို ပြန်လည်ရရှိရေး စစ်ကောင်စီတပ် တန်ပြန်ထိုးစစ်ဆင်
2024.09.25

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးဆင်စစ်လာတာကြောင့် စက်တင်ဘာ ၂၄ ရက် မနေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIA ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ ခမရ-၄၃၇ တပ် နေရာကို စစ်ကောင်စီတပ်က သံချပ်ကာယာဉ်တွေနဲ့ စစ်ကြောင်းထိုးလာချိန်မှာပဲ KIA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် ဗန်းမော်နဲ့ မိုးမောက်မြို့နယ် ကြားမှာရှိတဲ့ ခြောက်မိုင်နဲ့ ခုနစ်မိုင် နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ခမရ-၄၃၇ သိမ်းပြီး နောက်နှစ်ရက်လောက်ပဲ ငြိမ်ပြီးဆက်တိုက်ဖြစ်နေတယ်။ စစ်ကောင်စီက လက်နက်ကြီး လေယာဉ်တွေနဲ့လည်း နေ့တိုင်းလာပစ်တယ်။ မနေ့ကလည်း တော်တော်ပြင်းထန်တယ်တယ်။ လေယာဉ်နဲ့ပါ ခုနစ်ကြိမ်လောက် လာပစ်တယ်”
တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မိုးမောက်နဲ့ ဗန်းမော်မြို့နယ်တွေက ဒေသခံတွေက နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ခုနစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ ဗုံးကြဲတာနဲ့ လက်နက်ကြီးနဲ့ အကြိမ် ငါးဆယ်ကျော် ပစ်ခတ်ခဲ့တာတွေလုပ်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က စက်တင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မိုးမောက်မြို့က နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ - ၄၃၇ ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေက သြဂုတ်လ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီကလည်း မိုးမောက်မြို့ကို ပြန်လည်ရယူနိုင်ရေး လေကြောင်းသုံးတိုက်ခိုက်တာနဲ့ မြေပြင်တန်ပြန်ထိုးစစ်တွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာမှာလည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေပြီ စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။