ဖလမ်းနဲ့ ဟားခါးမှာ CNDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ် စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံး
2021.06.30
ဖလမ်းမြို့မှာ စစ်ကောင်စီတပ်တွေဟာ CNDF အဖွဲ့တွေရှိတဲ့ နေရာတွေကို ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ဖလမ်းဘက်ကဖြစ်တဲ့ ဖြစ်စဉ်မှာတော့ ကလေးဘက်က နတ်ချောင်းဘက်ကနေ တစ်ကြောင်း ပေါ့နော်။ ပြီးရင် ဖလမ်းဘက်နေ တစ်ကြောင်း ကျွန်တော်တို့ နေရာအနှံ့မှာရှိပါတယ်။ သူတို့က တနေရာမှာ ကျွန်တော်တို့ ရှိနေတဲ့နေရာမှာ သတင်းပေးလို့ ကျူးကျော်ဝင်ရောက်လာလို့ ကျွန်တော်တို့ ပစ်ခတ်မှုတွေ ဖြစ်လာတာဖြစ်ပါတယ်။ သူတို့ကသာ ကျွန်တော်တို့ရှိနေတဲ့နေရာတွေကို ကျူးကျော်ဝင်ရောက်လာမှသာ ကျွန်တော်တို့က ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က အယောက် ၂၀ ကျဆုံးတယ်လို့ ကျွန်တော်တို့ကတော့ ပစ်ခတ်တုန်းကရော ခန့်မှန်းရတာပေါ့။ ကျွန်တော်တို့ဘက်က ရဲဘော် လေးယောက်ကျဆုံးသွားပါတယ်”
ချင်းပြည်နယ် ဟားခါးမြို့မှာလည်း ဇွန် ၂၉ ရက် မနေ့ကပဲ ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတို့ အချိန် ၅ နာရီကြာတဲ့အထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပြီးတော့ စစ်ကောင်စီ တပ်က ၁၅ ယောက်ကျော် သေဆုံးကာ CDF ဘက်က တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ CDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“ အကြမ်းဖက်စစ်ကောင်စီဘက်ကသာ ထိုးစစ်ပုံစံဆင်နေမယ်ဆိုရင်တော့ တိုက်ပွဲက အမြဲတမ်းဖြစ်နေ မှာပဲ။ သူတို့က နယ်မြေကျူးကျော်ပြီးတော့ ဝင်တာမျိုး၊ နယ်ချဲ့ပြီးသွားတာမျိုးဆိုရင် ပစ်ဖို့ ကျွန်တော်တို့ အမြဲတမ်း အဆင်သင့်ရှိနေမှာပါ။ သူတို့ရဲ့ လှုပ်ရှားမှုအပေါ်မှာပဲ တိုက်ပွဲက မှုတည်မှာဖြစ်ပါတယ်။ မနေ့က မနက် ၅ နာရီ ဝန်းကျင်မှာ ကျွန်တော်တို့ ဝူးဘုမ်းစခန်းကို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ပါတယ်။ စစ်တပ် ဘက်ကတော့ အနည်းဆုံး ၁၅ ယောက်ကနေ ၂၀ လောက်အထိ သေဆုံးမယ်လို့ ကျွန်တော်တို့ ယူဆရ တာပေါ့။ အဓိက ပစ်ခတ်တိုက်ခိုက်နေရတဲ့ကိစ္စက စစ်တပ်ဘက်ကလည်း ဂန့်ဂေါဘက်၊ ကလေးဘက် တွေကနေ အင်အားဖြည့်နေတာတွေ အခုတလော ကျွန်တော်တို့ မြင်တွေ့နေရတယ်။ ကျွန်တော်တို့ဘက် ကလည်း လှုပ်ရှားမှုတစ်ခုအနေနဲ့ ပစ်နေတာ ဖြစ်ပါတယ်”
ဇွန်လ ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေက ဖလမ်းမြို့နယ် ဗားရ်တံတားဘက်ရှိ Locom ရွာနဲ့ ပါမွန် ချောင်းရွာတွေမှာ စခန်းလာချထားပြီး ဒေသခံတွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို မတရားလုယူ ချက်စားတာတွေ၊ နေအိမ်တွေကို ဖျက်စီးတာတွေလုပ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း သွားလာသူခရီးသွားတွေကို ဗားရ် - ဝေဘူလ - ပါမွန်ချောင်း လမ်းဘက်ကို အသွားအလာမလုပ်ကြဖို့ ဇွန်လ ၂၈ ရက်နေ့က ချင်းအမျိုးသားအဖွဲ့ချုပ်က သတိပေးထားပါတယ်။
"အကြမ်းဖက်စစ်ကောင်စီဘက်ကသာ ထိုးစစ်ပုံစံဆင်နေမယ်ဆိုရင်တော့ တိုက်ပွဲက အမြဲတမ်းဖြစ်နေမှာပဲ"
ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နဲ့ မင်းတပ်မြို့တွေမှာ စစ်ကောင်စီတပ်က ဆန်တွေကို ဝယ်ယူသယ် ဆောင်ခွင့်တွေကို ကန့်သတ်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေက CDF အဖွဲ့တွေကို ရိက္ခာထောက်ပံ့ပေးမှာ စိုးရိမ်တာကြောင့် စစ်တပ်က ဆန်သယ်ယူရောင်း ချခွင့်တွေကို ကန့်သတ်ထားတာလို့ ချင်းဒေသခံတွေက ဆိုပါတယ်။
မတူပီမြို့မှာ ဆန်ဆိုင်တွေမှာ ဆန်ဝယ်ယူရင် မှတ်ပုံတင်နဲ့ ရပ်ကွက်ထောက်ခံစာပါမှ ဝယ်ယူခွင့်ရမှာဖြစ်ပြီး တစ်အိမ်ထောင်ကို ဆန်တစ်အိတ်သာ ဝယ်ယူခွင့်ရှိမယ်လို့ ဒေသဆိုင်ရာ စစ်တပ်က မကြာသေးခင်ရက်ပိုင်းက အမိန့်ထုတ်ထားတယ်လို့ မတူပီမြို့ခံတွေက ဆိုပါတယ်။
“ရိက္ခာတွေဆိုရင်တော့ ပခုက္ကူဘက်ကနေ လုံးဝသယ်လို့ မရဘူး။ မြို့ပေါ်မှာ ကုန်သည်တွေ သယ်တယ် ဆိုရင် သူတို့ ထောက်ခံချက်နဲ့ သူတို့ မှတ်ပုံတင်နဲ့ သယ်တာပေါ့နော်။ အရင်တုန်းကတော့ရတယ်။ အခုကျတော့ ဗျူဟာမှာပဲ ချရမယ်တဲ့။ ဆန်တွေပေါ့။ ဝယ်ချင်တဲ့သူက မှတ်ပုံတင် နံပါတ်ရယ်၊ ရပ်ကွက် ထောက်ခံစာရယ် အဲဒါတွေနဲ့ သွားရမယ်တဲ့။ အရင်က ဝယ်ထားပြီး ဆန်ဆိုင်ဖွင့်တဲ့ ဆိုင်တွေပေါ့၊ သူတို့ကိုလည်း ဝယ်သူစာရင်းကို ပြုစုပြီးတော့ ဗျူဟာမှာ တင်ပေးရမယ်တဲ့။ လူတစ်ယောက်က တစ်အိမ်မှာ တစ်အိပ်ပဲ ဝယ်ခွင့်ရှိတယ်၊ သတ်မှတ်ထားတယ်။ ဆေးရော ဝယ်မယ်ဆိုရင် တစ်ကဒ် ထက်ပိုပြီး မရဘူးဆိုပြီး အဲလိုသတ်မှတ်ချက်တွေ သူတို့ ဆန်၊ ဆီ၊ ဆေး၊ ဆား အကုန် သူတို့ သတ်မှတ် ချက်နဲ့ ထောက်ခံချက်နဲ့ အခုက ဝယ်ခိုင်းတယ်”
အကန့်သတ်နဲ့ ဆန်တွေကို ဂန့်ဂေါဘက်နေ ခက်ခက်ခဲခဲတင်ပို့ရတာဖြစ်တဲ့အတွက် အရင်က ဆန်တစ်အိတ် ဈေး ၂ သောင်းခွဲကနေ ၃ သောင်းခွဲအထိ မြင့်တက်လာတယ်လို့ မတူပီမြို့က ဆန်အရောင်းဆိုင်တွေကနေ သိရပါတယ်။
မတူပီမြို့မှာ စစ်တပ်က မေလကုန်လောက်ကစပြီး ဆန်ဝယ်ခွင့် ကန့်သတ်ထားတာဖြစ်ပြီး လက်ရှိမှာ ကျေးရွာတွေကို ဆန်ဝယ်ခွင့်နဲ့သယ်ယူခွင့် လုံးဝမပြုတော့တာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရွာတွေဆိုရင်တော့ မြို့ပေါ်က ဆန်တွေကို လုံးဝသယ်ခွင့် မပေးတော့ဘူး။ ကားနဲ့ကို လုံးဝထွက်ခွင့် မပေး တော့ဘူး။ သူတို့က ကန့်သတ်ထားတယ်ဆိုတော့ လုံးဝမရဘူး။ လောလောဆယ်တော့။ အခက်အခဲတွေ ကျတော့ အများကြီးပဲ။ ဘာလို့လဲဆိုတော့ တချို့ အခုမှဝယ်နိုင်တဲ့သူတွေက နောက်ကျရင် စားနပ်ရိက္ခာက ပြတ်လပ်ဖို့ပဲရှိတာ။ သူတို့ ဝယ်လို့လည်း မရဘူး။ အခု ကျွန်တော်တို့ မတူပီဆို မင်းတပ်လမ်းက ပိတ်ထား တယ်။ ရေဇွာ တကြော ဂန့်ဂေါလမ်းပဲရတယ်။ သိပ်မကြာခင်မှာ ကျွန်တော်တို့ ပြတ်လပ်ဖို့ပဲရှိတယ်။ တခြား ဖူလုံဖို့ ဘာမှမရှိဘူး။ နယ်မှာဆိုရင် ဆန်တစ်အိတ်သယ်ဖို့ တော်တော်လေးကိုစစ်ပြီး လုံးဝကို သူတို့သယ်ခွင့် မပေးတာလေ။ မြို့အပြင်ဘက်ကို သယ်ခွင့်မပေးဘူးဆိုတော့ နောက်ဘယ်လိုဖြစ်လာမလဲဆိုတာ စိုးရိမ် စရာတွေပေါ့”
စစ်ကောင်စီကို ယာယီအပစ်ခတ်ရပ်ထားပေမယ့် ဒေသခံတွေက ဆေးဝါးတွေသယ်ဆောင်ရာမှာ ကိုက်ခဲ ဖျားနာ ပျောက်ဆေးတွေကိုသာ သယ်ယူလို့ရပြီး မသယ်ခင်စစ်တပ်ကို တင်ပြရသလို ဆန်အိတ်သယ်ယူ ရာမှာလည်း ကန့်သတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“လောလောဆယ်တော့ မြို့အဝင်အထွက်နားက စစ်ဆေးတာတွေ၊ ဘာတွေတော့ နည်းနည်းရှိတယ်။ သက်ကြီးပိုင်းတွေကတော့ များသောအားဖြင့် ပြန်နေကြမှာပေါ့။ နည်းနည်း လူငယ်ပိုင်းတွေကတော့ ခဏတဖြုတ် ပြန်လာပြီးမှ သူတို့က ပြန်သွားကြတယ်။လူငယ်ပိုင်းတွေကျတော့ အရမ်းကြီးလည်း သူတို့ မနေရဲကြဘူး။ လူမရှိရင်လည်း သူခိုးတွေက မတရားသောင်းကျန်းနေတဲ့ အခါကျတော့ လူမရှိလည်း မဖြစ်ပြန်ဘူး။ လောလောဆယ် ဆေးဝါးတွေတော့ ဒီဘက်ကို လုံးလုံးကြီးတော့ သယ်ခွင့်တော့ မရသေးဘူး။ ဒါပေမဲ့ သူတို့ဆီမှာ ခွင့်ပြုချက်တောင်းမယ်။ ဆေးဝါးအနည်းအကျဉ်းပေါ့နော်။ ဖျားနာ ပျောက်တာတွေ၊ အကိုက်အခဲတို့၊ ဝမ်းလျောတို့ ဆေးတွေဆိုရင်လည်း သူတို့ဆီမှာ အရင်ပြပြီးမှ တင်ရင် အဆင်ပြေတယ်။ဆန်ကတော့ ကားနဲ့ဆိုရင် ၁၀ အိတ်တင်ခွင့်ပေးတယ်။ ဆိုင်ကယ်နဲ့ဆိုရင် ၁ အိတ်တော့ တင်ခွင့်ပြုတယ်”
မင်းတပ် CDF နဲ့ စစ်တပ်တို့ ယာယီအပစ်ခတ်ရပ်ထားတာ ၁၄ ရက်အတွင်း မြို့အဝင်အထွက်တွေမှာ စစ်တပ်က စစ်ဆေးမှုတွေရှိနေပေမယ့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ နေအိမ်တွေကို ပြန်ကြည့်တာ၊ လိုအပ်တဲ့ ပစ္စည်းတွေပြန်ယူတာမျိုးတွေ လုပ်ကြတယ်လို့ ဆိုပါတယ်။

“အခုက မြို့ပေါ်ကို သွားတော့ သွားနေကြတယ်။ ဒါပေမဲ့ မြို့မှာအဆင်ပြေတယ်ဆိုရင်ပြီး သွားတဲ့လူ ကရှားတယ်။ ကိုယ့်အိမ်ပြန်သွားကြည့်တာ၊ ပစ္စည်းတွေသွားယူတာ အဲလိုမျိုးတွေပဲ။ ဒီနေ့ကကျတော့ ဈေးဖွင့်တယ်လေ။ သူက မဖွင့်တာကြာပြီ။ ဒီနေ့တစ်ရက်တည်း ဖွင့်ပေးမှာဆိုတော့ ဆိုင်ခန်းကနေလည်း သူတို့ပစ္စည်းတွေ သွားယူကြတာ။ ဇူလိုင် ၄ ရက်နောက်ပိုင်းတော့ မသွားလာလောက်ကြတော့ဘူး။ ဒီကြားထဲမှာပဲ သွားလာလို့ ရမယ်ဆိုပြီး အဲလိုနေကြတာ။ တချို့တော့လည်း ပြန်နေကြတာရှိတယ်။ ပြန်မနေတဲ့ လူကတော့ များတယ်။ အကြာကြီးလနဲ့ချီပြီး အပစ်ခတ်ရပ်ရင်တော့ နေရင်နေမှာပေါ့။ အခုက ၁၄ ရက်တည်းဆိုတော့ အဲကာလ နောက်ပိုင်းက ပြောလို့မရလို့လေ။ အဲဒါကြောင့်”
စစ်ဘေးဒုက္ခသည်တွေအတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရက ထောက်ပံ့ပေးနေတာတွေ ရှိပေမယ့် လည်း စစ်ကောင်စီဘက်က တားမြစ်ကန့်သတ်တာတွေရှိနေလို့ ထိထိရောက်ရောက်ရောက် ပံ့ပိုးလို့မရ ဘူးဖြစ်နေတယ်လို့ ဇွန်လ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ လူသားချင်း စာနာထောက်ထားရေးနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
“တစ်ကယ့် တောထဲတောင်ထဲရှိနေတဲ့ သူတွေကို ဦးစာပေးတာရှိတယ်၊ နောက်တစ်ခါ တစ်ဖက်နဲ့တစ်ဖက် ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်တွေ ဘာမှကိုပါမသွားဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ သူတွေကို ဦးစားပေးတယ်၊ နယ်ခံတွေဆီကနေ အချက်အလက် ကောက်ယူတယ်၊ လိုအပ်တဲ့ စာရင်းဇယားတွေ ကောက်ယူတယ်၊ ချင်းပြည်နယ် မင်းတပ်မှာဖြစ်တယ်ဆိုရင် ချက်ချင်းစာရင်းဇယား ကောက်ယူတယ်၊ အကူအညီပေးတယ် မကွေး ကင်းမမှာဖြစ်တယ်ဆိုရင်လည်း ချက်ချင်းကူညီတယ်၊ ကျုံပျော်ဖြစ်တာ ကယား ကရင်နီမှာဖြစ်တာတွေလည်း ချက်ခြင်းကူညီတယ်၊ နေရပ်စွန့်ခွာရသူတွေ များတယ်၊ ဒါကြောင့် ချက်ချင်းကူညီတယ်’’
ချင်းပြည်နယ် ဟားခါး၊ မင်းတပ် ၊ မတူပီနဲ့ ကန်ပက်လက် စတဲ့မြို့တွေမှာ စစ်ကောင်စီနဲ့ CDF ဒေသ ကာကွယ်ရေး CDF အဖွဲ့တို့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ငါးသောင်းကျော်လောက်ရှိနေပြီး မင်းတပ်မြို့မှာတော့ ဇွန်လ ၂၀ ရက်နေ့ ကစပြီး ၁၄ ရက်ကြာ ယာယီအပစ်ခတ် ရပ်နားထားခဲ့ပါတယ်။