စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို စစ်ကောင်စီ ထပ်မံပိတ်သိမ်း
2024.12.24

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်တယ်လို့ ဒီဇင်ဘာ ၂၄ ရက် ဒီနေ့မှာ ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကတဆင့် ဖော်ပြပါတယ်။
မြမိုရ်ရေးသားတဲ့ “မေတ္တာနှောင်သီ ချစ်ကြိုးချည်” စာအုပ်နဲ့ DIDI Zaw ရေးသားတဲ့ “Match Made in Clouds” စာအုပ်တို့မှာ ညစ်ညမ်းစာသားတွေ ပါဝင်တဲ့အတွက် အဲဒီစာအုပ်တွေကို ပုံနှိပ်ထုတ်ဝေတဲ့ Maple စာအုပ်တိုက်ကို ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ဝေခွင့်လက်မှတ် ရုပ်သိမ်းလိုက်တာလို့ ဆိုပါတယ်။
ထုတ်ဝေသူနဲ့ ပုံနှိပ်သူတွေကိုလည်း ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေနဲ့ တရားစွဲမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုလိုဖြစ်ရပ်တွေကို ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ အရေးယူနေတာက နည်းလမ်းမမှန်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စာပေထုတ်ဝေသူတစ်ဦးက ပြောပါတယ်။
“ညစ်ညမ်းစာပေတွေ မကောင်းဘူး။ ဒါက မရှိသင့်ဘူးဆို တစ်ဖက်က ရသစာပေတွေ ဉာဏ်ပညာကို အားပေးတဲ့စာပေတွေ များများထွက်နိုင်အောင် အားပေးရမယ်။ ဒါပေမဲ့ အဲဒါတွေကိုကျတော့ နိုင်ငံရေးပါတယ်ဆိုပြီး ပိတ်ထားတယ်”
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကတော့ အခုလို ပိတ်သိမ်းတာဟာ စည်းကမ်းချက်နဲ့ ဥပဒေပြဋ္ဌာန်းချက်တွေအရ လုပ်ဆောင်တာလို့ RFA ကို ပြောပါတယ်။
“ညစ်ညမ်းစာတွေ မဖော်ပြဖို့ ကျွန်တော်တို့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေမှာလည်း ပုံနှိပ်သူတွေ ထုတ်ဝေသူတွေ လိုက်နာဖို့ဆိုပြီးတော့မှ စည်းကမ်းချက်တွေ ထုတ်ပြန်ထားတယ်။ အဲဒါကို ဒီတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်တာ တွေ့တဲ့အတွက် ဥပဒေအတိုင်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ်တွေကို ရုပ်သိမ်းတာပါ”
နိုဝင်ဘာလကလည်း ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ “ရွှေနိုင်ငံ”စာပေနဲ့ပိုစတာ ဖြန့်ချိရေးလုပ်ငန်း၊ Right ပုံနှိပ်တိုက်နဲ့ The Destiny Book House ပုံနှိပ်တိုက်တို့ကို စစ်ကောင်စီက လုပ်ငန်းလိုင်စင် ရုပ်သိမ်းခဲ့ပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကပိတ်ပင်တဲ့ စာပေမီဒီယာတိုက် အရေအတွက် သုံးဆယ်ကျော်ရှိပြီလို့ စာပေထုတ်ဝေသူတွေနဲ့ ဖြန့်ချိသူတွေက ပြောပါတယ်။