မြစ်ကြီးနား အာလမ်ကျေးရွာအနီး ရွှေတူးသူတွေကို စစ်တပ် ဖမ်းဆီး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အာလမ်ကျေးရွာအနီး ဧရာဝတီမြစ်ဘေးမှာ ရွှေတူးနေ သူတွေကို စစ်တပ်က ဒီကနေ့ မတ်လ ၂၅ ရက် မနက်ပိုင်း ဝင်ရောက်ဖမ်းဆီးရာမှာ အရပ်သား ငါးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
အာလမ်ကျေးရွာ နဲ့ ဒွမ်ဂန်ကျေးရွာ မှာ စက်ယန္တရားတွေနဲ့ တရားမဝင် ရွှေတူးဖော်နေကြ တာပါ။ ဒီကနေ့ မနက် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းမှုမှာ စက်ယန္တ ရားတွေကိုပါ သိမ်းသွားတယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။
“စက်ယန္တရားကြီးနဲ့တူးတာတွေကို အရင်ဖမ်းတာ၊ စက်တွေရော သိမ်းတယ်၊ စစ်တပ်က အာလုံပိတ်ကားနဲ့ လာတယ်။ ရဲတွေရော ပါတယ်။ ရွာလမ်းတွေမှာ ရဲတွေချည်းပဲ၊ တချို့ ရွှေကျင်တဲ့သူတွေက သူတို့ကိုမြင်တာနဲ့ ထွက်ပြေးသွားကြတယ်။ ကျနော်တို့လည်း သူတို့ကိုမြင်တာနဲ့ ထွက်ပြေးတာ”
ဒီသတင်းကိုကြားတဲ့အတွက် ဧရာဝတီမြစ်တစ်လျှောက် တခြားနေရာတွေက တရားမဝင် ရွှေတူးဖော်နေသူတွေဟာ လုပ်ငန်းခွင်သုံးပစ္စည်းတွေကိုသိမ်းပြီး ပုန်းအောင်းနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားကနေ မြစ်ဆုံထိ ဧရာဝတီ မြစ်တစ်လျှောက် ဖောင်ပေါ်ကနေ ရေထဲကို ငုပ်ပြီးတူးတာနဲ့ ကုန်းပေါ်မှာ စက်ယန္တရားတွေ သုံးပြီး ကျင်းနဲ့တူးတာတွေ စုစုပေါင်း ၅၀၀ ဝန်းကျင်ရှိတယ်လို့ မြစ်ကြီးနားမြို့က ဒေသခံ တစ်ဦးက ဆိုပါတယ်။
“မြစ်ကြောင်းတစ်လျှာက် တူးဖော်တာတွေအများကြီးပဲ။ တော်တော်ကို ဆိုးနေတာ။ ရွာနားက ကမ်းပါးတွေထိ တူးနေကြတာ။ စစ်တပ်က တစ်လ ၁၀ သိန်းကောက်တယ်လို့ ပြောတယ်။ အခု ရွှေတူးတဲ့သူတွေက မထည့်ကြလို့ ဖမ်းတာလည်းဖြစ်နိုင်တယ်။ အာဏာသိမ်းပြီးကတည်းက အခုမှ ဖမ်းတာ”
တရားမဝင် ရွှေတူးဖော်မှုတွေဟာ ဧရာဝတီမြစ်တစ်လျှောက် မခေါဒီ၊ ကရိန်နော်၊ နောင်းချိန်း၊ အာလမ်၊ အူဗျစ်၊ ဒွမ်ဂန်၊ ကျိန်ခရန် အစရှိတဲ့ ကျေးရွာတွေမှာ အများဆုံး ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။