စစ်ကောင်စီတပ်ကြောင့် ရခိုင်မှာ အဆောက်အအုံ ၂၅၀ ကျော် ပျက်စီးကြောင်း AA ပြော

RFA Burmese
2024.11.15
စစ်ကောင်စီတပ်ကြောင့် ရခိုင်မှာ အဆောက်အအုံ ၂၅၀ ကျော် ပျက်စီးကြောင်း AA ပြော လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ရမ်းဗြဲမြို့နယ် ဆေးရုံအဆောက်အအုံအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဥ်။
Telegram/ AA Info Desk Photo

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတစ်နှစ်တာအတွင်း ဘုန်းကြီးကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ ၇၃ လုံး၊ ဆေးရုံ ၁၂ ရုံနဲ့ စာသင်ကျောင်း ၃၀ အပါအဝင် ပြည်သူပိုင်အဆောက်အအုံ ၁၅၃ လုံးကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့တယ်လို့ AA က နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း၊ ဗလီနှစ်လုံး၊ ဈေး ၂၁ ဈေးနဲ့ ဌာနဆိုင်ရာ အဆောက်အအုံ ၁၇ ခု ပါဝင်ပါတယ်။

ဒါတွေကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ရခိုင်ပြည်နယ်အတွင်းက တံတား ၂၈ စင်းကိုလည်း စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ပြီး မောင်တောမြို့နယ် တစ်ခုထဲမှာတင် တံတားဆယ်စင်း ဖျက်ဆီးခံထားရသလို လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ်နဲ့ စစ်တွေမြို့နယ်တို့က တံတားတွေလည်း ဖျက်ဆီးခံထားရပါတယ်။

ပျက်စီးထိခိုက်မှုတွေကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကနေ အခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့အထိ တစ်နှစ်အတွင်း ကောက်ယူထားတာလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

AA ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်က စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲတစ်နှစ်တာအတွင်း ရခိုင်ပြည်နယ်က မြို့နယ် ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ အမ်းနဲ့ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့တို့မှာလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။