လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးလအတွင်း အရပ်သား ၁၆၀ ကျော် သေဆုံး
2024.12.25

နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အောက်တိုဘာကနေ ဒီဇင်ဘာ ၂၅ ရက်နေ့အထိ သုံးလအတွင်း အရပ်သား ၃၀၈ ဦး သေဆုံးပြီး အဲဒီအထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူက ၁၆၃ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
AAPP ရဲ့စာရင်းအရ ပျမ်းမျှအနေနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လမှာ လူငါးဆယ်ကျော် သေဆုံးနေတာဖြစ်ပြီး နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီတပ်ဟာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုကို နေ့စဥ်တိုးလုပ်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်ညမှာ စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ အမ်းမြို့ပေါ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အဆောက်အအုံတချို့ မီးလောင်ပျက်စီးသွားတယ်လို့ အမ်းဒေသခံက RFA ကို ပြောပါတယ်။
အဲဒီနေ့ တစ်ရက်တည်းမှာပဲ မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဇရပ်ကြီးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်း အဆောက်အအုံတွေ ပျက်စီးသွားပြီး အရပ်သားနှစ်ဦးလည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဆေးခဲ့ပြီးနောက် အဲဒီနေ့ ညနေမှာပဲ နွားထိုးကြီးမြို့နယ် ဒေါင့်ဘိုးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ နွားထိုးကြီးမြို့နယ် ဒေါင့်ဘိုးရွာကို ဗုံးကြဲတိုက်ခိုက်တာ မရှိဘူးလို့ ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကတစ်ဆင့် ထုတ်ပြန်ပြောဆိုထားပါတယ်။
တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းတဲ့ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးကြဖို့ တိုက်တွန်းထားပြီး လေကြောင်းအန္တရာယ်နဲ့ သက်ဆိုင်တဲ့ အသိပညာပေးမှုတွေလည်း ပြုလုပ်ပေးနေတယ်လို့ ပြောပါတယ်။