မလေးရှားမှ မြန်မာအလုပ်သမားများ အိမ်ပြင် မထွက်ဝံ့

မလေးရှား နိုင်ငံရှိ လင်းခေး လဝက ထိန်းသိမ်းရေးစခန်း ဖောက်ထွက်ပြေးရာမှာ မြန်မာအများစု ပါဝင်ခဲ့တဲ့အတွက် မြန်မာတွေ အနေများတဲ့ ရပ်ကွက်တွေကို အာဏာပိုင်တွေက လိုက်လံ စစ်ဆေးနေကြောင်း သိရှိရပါတယ်။

2011.04.08
malaysia-police-migrant.png အဝင်အထွက်စစ်ဆေးနေတဲ့ မလေးရှားရဲများကို တွေ့ရစဉ်
Photo: AFP

ဒ့ါအပြင် ဒီရက်ပိုင်းအတွင်းမှာ ဆန္ဒပြပွဲ္ဒွတွေ မလုပ်ဖို့လည်း မြန်မာအဖွဲ့တွေကို မလေးရှား ရဲတပ်ဖွဲ့ အထူး စုံစမ်း စစ်ဆေးရေးဌာနက မှာကြားထားတယ်လို့ သိရပါတယ်၊၊

ဒီအခြေအနေတွေကို ကွာလာလမ်ပူမြို့ရှိ RARC ခေါ် ရိုဟင်ဂျာဒုက္ခသည်ကော်မတီက ညှိနှိုင်းရေးတာဝန်ခံ ကိုဆဒက်က အခုလို ပြောပါတယ်။

“မဆိုင်တဲ့ စခန်းဖောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံသားတွေကို ပိုပြီးတော့ လိုက်လံ ဖမ်းဆီးမယ်ဆိုတာကို ကျွန်တော်တို့ စိုးရိမ်တာပါ။ ကျွန်တော်တို့ ကိုယ် ကိုယ်တိုင် တွေ့ရတာက ဒီ ကွာလာလမ်ပူမြို့ အနီးတဝိုက်မှာ ညနေဆို ရယ်လာ အများကြီး ထွက်တယ်။ မြန်မာနိုင်ငံသားတွေ နေတဲ့ နေရာနား တဝိုက်မှာ သူတို့က သွားပြီးတော့ စုံစမ်းတာမျိုး ရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ ကိုယ်တိုင် တွေ့ဖူးပါတယ်။”

ကုလသမဂ္ဂ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံ ကဒ်ပြားရရှိထားတဲ့ မြန်မာတွေတောင် အသွားအလာ ဆင်ခြင်နေရတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံဟာ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ဂျီနီဗာ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက် ဒီလက်မှတ် ကိုင်ဆောင်ထားသူတွေကိုပါ ဖမ်းဆီးလေ့ ရှိတယ်လို့လည်း သိရပါတယ်။ နောက်မ ှကုလသမဂ္ဂ ကိုယ်စားလှယ် သွားရောက် ရွေးထုတ်မှထိန်းသိမ်း ရေးစခန်းက ပြန်လွှတ်ပေးတယ်လို့ ကိုဆဒက်က ပြောပါတယ်။

အခုလ၂၅ရက်နေ့မှာလည်း မလေးရှား SB အထူး စုံစမ်း စစ်ဆေးရေးအဖွဲ့က မြန်မာ အဖွဲ့အစည်းတွေကို ဌာနချုပ်ကို ဖိတ်ခေါ်ထားတယ်လို့လည်း ကိုဆဒက်က ပြောပါတယ်။

“မြန်မာနိုင်ငံသား ကိုယ်စားလှယ်တွေကို အထူး စုံစမ်း စစ်ဆေးရေးဌာနက မြန်မာနိုင်ငံက အဖွဲ့အစည်း ညှိနှိုင်းရေး ကိုယ်စားလှယ် နှစ်ဦး နှစ်ဦးစီ ဒီလ ၂၅ ရက် ၂ နာရီမှာ သူတို့ ရုံးချုပ်မှာ ဖိတ်ခေါ်ထားပါတယ်။ သူတို့ ပြောတာက ခင်ဗျားတို့နဲ့ စုံစမ်း ဆွေးနွေးစရာ ရှိပါတယ်၊ နောက်ပိုင်းမှာ ခင်ဗျားတို့ ဘယ်လိုမျိုး လှုပ်ရှားနိုင်တယ်၊ ဘယ်လိုမျိုး မလှုပ်ရှားရဘူး၊ မလေးရှားမှာ ဘယ်လိုနေ ရပ်တည်ရမယ် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ခင်ဗျားတို့နဲ့ တိုင်ပင်ဆွေးနွေးစရာ ရှိပါတယ်။ ကျွန်တော်တို့ အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့ ရဲချုပ်ရဲ့ အကြီးဆုံး ပုဂ္ဂိုလ် ကိုယ်တိုင် တက်လာမယ်၊ ခင်ဗျားတို့ မဖြစ်မနေ တက်ရောက်လာကြပါ ဆိုပြီး ကျွန်တော်တို့ကို အမိန့်ပေးထားပါတယ်။”

လဝက စခန်းက ထွက်ပြေး လွတ်မြောက်သွားတဲ့ နိုင်ငံခြားသား တရာကျော်အနက် အခုအခါမှာ ၈၀ နီးပါးကို ရဲက ပြန်လည် ဖမ်းဆီးမိသွားပြီ ဖြစ်ပြီး၊ ကျန်လူတွေကို အပူတပြင်း ဆက်လက် ရှာဖွေနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။