MICA တာဝန်ရှိသူတွေနဲ့ ကုမ္ပဏီတွေကို အရေးယူပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တချို့ ဆွေးနွေး
2017.11.22
မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MICA ကို ဦးဆောင်သူတွေ၊ ဝန်ထမ်းတွေနဲ့ စည်းကမ်းချိုးဖောက်တဲ့ ကုမ္ပဏီတွေကို သက်ဆိုင်ရာဥပဒေတွေနဲ့အညီ အရေးယူဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တချို့က ဒီနေ့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီးတို့မှာရှိတဲ့ ကွင်းဆင်းစိစစ်ခဲ့တဲ့ အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကေ်ာမတီရဲ့ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ဒီနေ့ ဆွေးနွေးပြီး အစီရင်ခံစာကို အတည်ပြုလိုက်ပါတယ်။
ပါဝင်ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေက MICA ဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် အထောက်အကူ မဖြစ်ခဲ့ကြောင်း၊ MICA က ချထားပေးခဲ့တဲ့ လုပ်ငန်းတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေ ရှိခဲ့ရင် အရေးယူဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
MICA အဖွဲ့ကို အရင်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ဦးအုန်းမြင့် တို့ ဦးဆောင်ပြီး အစိုးရအရာရှိဟောင်းတချို့နဲ့ ၂၀၁၂ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။
အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကေ်ာမတီဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ MICA ရဲ့ လုပ်ငန်းတွေကို သွားရောက်စိစစ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။
အမျိုးသားလွှတ်တော်၊ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များစိစစ်ရေး ကော်မတီဟာ ရန်ကုန်တိုင်း က အင်းစိန်၊ ရွာသာကြီး၊ တွံတေးမြို့နဲ့ ဧရာဝတီတိုင်း မအူပင်မြို့နယ်က အအေးခန်းတွေ၊ ငါးကန်တွေကို စက်တင် ဘာလ ၁၆ ရက်နေ့ကနေ ၂၂ ရက်အထိ ကွင်းဆင်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။