MICA ကို ဖျက်သိမ်းသင့်ကြောင်း ဦးစိုးသိန်း ပြော
2017.11.15

မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MICA ကို စတင်ဖွဲ့စည်းတဲ့ ရည်ရွယ် ချက်ကောင်းပေမယ့် အကောင်အထည်ဖော်မှု ညံ့တာကြောင့် ဖျက်သိမ်းတာ ကောင်းတယ်လို့ MICA ဥက္ကဌ တာဝန်ယူခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း က ဒီနေ့ ပြောပါတယ်။
MICA အဖွဲ့ကို ဖျက်သိမ်းဖို့ အဆို အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက အတည်ပြုပြီးနောက် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက MICA လုပ်ငန်းတွေကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒီနေ့ အမျိုးသားလွှတ်တော်မှာ ကြားဖြတ်အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။
MICA ရဲ့လုပ်ငန်းတချို့ဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ရဲ့ ခွင့်ပြုချက်မရှိတာ၊ လုပ်ငန်းဆောင် ရွက်ခြင်းမရှိတာတွေ တေ့ွရှိခဲ့တယ်လို့ အစီရင်ခံစာ တင်ပြခဲ့တဲ့ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက် များ စိစစ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းဆွေက ပြောပါတယ်။ ကော်မတီရဲ့ ကြားဖြတ်အစီရင်ခံစာကို လွှတ်တော်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်၊ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များစိစစ်ရေး ကော်မတီဟာ ရန်ကုန်တိုင်း က အင်းစိန်၊ ရွာသာကြီး၊ တွံတေးမြို့နဲ့ ဧရာဝတီတိုင်း မအူပင်မြို့နယ်က အအေးခန်းတွေ၊ ငါးကန်တွေကို စက်တင် ဘာလ ၁၆ ရက်နေ့ကနေ ၂၂ ရက်အထိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ MICA ရဲ့ လုပ်ငန်းတွေကို ဆက်လက်စိစစ်မှာဖြစ်တယ်လို့ သိရပါတယ်။
MICA အဖွဲ့ကို သားငါးကဏ္ဍတိုးတက်ဖို့နဲ့ စားနပ်ရိက္ခာဖူလုံဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့ပေမယ့် လူတစ်စုရဲ့ လက်ဝါးကြီးအုပ် ခြယ်လှယ်မှုတွေရှိခဲ့တဲ့အတွက် နိုင်ငံအတွက် အကျိုးမရှိခဲ့တာကြောင့် ဖျက်သိမ်းဖို့ အဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအားကာမိုးက ပြီးခဲ့တဲ့နှစ်ကုန်လောက်က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
MICA အဖွဲ့ စတင်တည်ထောင်စဉ်က ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အရင်အစိုးရ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက အဲဒီအဆိုကို ဆွေးနွေးစဉ်မှာ အမျိုးသားလွှတ်တော်အစည်းအဝေးကို တက်ရောက်ခြင်းမရှိခဲ့ပေမယ့် ဒီနေ့ အစည်းအဝေးကိုတော့ တက်ရောက်ခဲ့ပါတယ်။
MICA အဖွဲ့ကို အရင်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ဦးအုန်းမြင့် တို့ ဦးဆောင်ပြီး အစိုးရအရာရှိဟောင်းတချို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။