MICA အဖွဲ့ ဖျက်သိမ်းဖို့အဆို အမျိုးသားလွှတ်တော် အတည်ပြု
2017.02.07

အရင်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MICA ကို ဖျက်သိမ်းဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
အမျိုးသားလွှတ်တော် ကရင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် ၇ က အင်န်အယ်လ်ဒီ ကိုယ်စားလှယ် နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုးက MICA ကို ဖျက်သိမ်းပြီး တရားမဝင်ရယူထားတဲ့ စက်ရုံ၊ လုပ်ငန်း၊ မြေယာတွေကို ဘယ်လိုစီမံခန့်ခွဲထားတယ်ဆိုတာ ရှင်းလင်းပြောကြားပေးဖို့ အဆိုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက ထောက်ခံဆွေးနွေးပြီးနောက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက MICA အဖွဲ့ဟာ ပွင့်လင်းမြင်သာမှုမရှိတာ၊ တာဝန်ယူမှု အားနည်းတာ၊ MICA ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ မွေးမြူရေးနဲ့ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဆောင်နိုင်တာတွေကို ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအဆိုနဲ့ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ဆွေးနွေးရာမှာ MICA အဖွဲ့ကို ဖျက်သိမ်းဖို့ အချိန်အတိအကျ မပြောနိုင်သေးကြောင်းနဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာ မူတည်ပြီး အချိန်ယူရမှာဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။
MICA အဖွဲ့ကို အရင်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ဦးအုန်းမြင့် တို့ ဦးဆောင်ပြီး အစိုးရအရာရှိဟောင်းတချို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး MICA ကို တည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ သမ္မတရုံးဝန် ကြီးဟောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းကတော့ အဆိုတင်စဉ်နဲ့ ဆွေးနွေးမဲခွဲဆုံးဖြတ်ချိန်တွေ မှာ လွှတ်တော်ကို တက်ရောက်တာမတွေ့ရပါဘူး။
MICA ကိုဖျက်သိမ်းဖို့ မဲခွဲဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ ၁၄၀၊ ကန့်ကွက်မဲ ၅၀ ရှိခဲ့တဲ့အတွက် ဖျက်သိမ်းဖို့ အဆိုကို အတည်ပြုလိုက်တာဖြစ်ပါတယ်။