MICA ရဲ့ လုပ်ငန်းလွဲှပြောင်းရေး အခြေအနေ လွှတ်တော်ကော်မတီ ကွင်းဆင်းစိစစ်
2017.09.30
မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MICA ကို ဖျက်သိမ်းပြီးနောက် အဲဒီအေဂျင်စီ လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဘက်ကို ကွင်းဆင်း စိစစ်ခဲ့တယ်လို့ သိရပါတယ်။
MICA ကို ဖျက်သိမ်းပြီးတဲ့နောက် အဲဒီလုပ်ငန်းစဉ်တွေကို လယ်ဆည်ဝန်ကြီးဌာနလက်အောက်ကို ထည့်ပေး ထားတာဖြစ်တဲ့အတွက် အဲဒီအခြေအနေတွေကို စစ်ဆေးတာဖြစ်တယ်လို့ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက ပြောပါတယ်။
"ဖျက်သိမ်းပြီးနောက်ပိုင်းမှာ MICA နဲ့ ပတ်သက်ပြီး လယ်ဆည်ဝန်ကြီးဌာနအောက်ကို ပြန်ထည့်ထား တယ်။ အဲ့လို လယ်ဆည်ဝန်ကြီးဌာနကို ပြန်ထည့်ပြီးတဲ့အချိန်မှာ MICA နဲ့ ပတ်သက်ပြီးတော့ လယ်ဆည် ဝန်ကြီးဌာနက ကိုင်တွယ်ခဲ့တဲ့အပိုင်းတွေဟာ ဘယ်အတိုင်းတာထိ ရောက်ပြီလဲ၊ စာချုပ်စာတမ်းနဲ့အညီ လုပ်သလား။ နောက်ပြီးတော့ ဆက်ပြီးတော့လုပ်မယ့် လုပ်ငန်းစဉ်တွေဟာ MIC ကိုရော ခွင့်ပြုချက်တွေ ယူပြီးပြီလား။ အဲ့အပိုင်းတွေကို အစ်ကိုတို့က လိုက်ပြီးစိစစ်တာလေနော်။ စိစစ်တွေ့ရှိချက်တွေကတော့ လွှတ်တော်ကို မတင်ပြခင် အစ်ကိုတို့ ပြောခွင့်မရှိလို့ပါ။ အဲ့ဒါကြောင့်ပါနော်"
ကွင်းဆင်းစိစစ်ချက်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အခြေအနေတွေကို လွှတ်တော်ကို မတင်ပြရသေး တာကြောင့် ဖွင့်ပြောလို့မရသေးဘူးလို့လည်း ဦးသိမ်းဆွေက ပြောပါတယ်။
ကော်မတီဟာ ရန်ကုန်တိုင်းက အင်းစိန်၊ ရွာသာကြီး၊ တွံတေးမြို့နဲ့ ဧရာဝတီတိုင်း မအူပင်မြို့နယ်က အအေးခန်းတွေ၊ ငါးကန်တွေကို စက်တင်ဘာလ ၁၆ ရက်နေ့ကနေ ၂၂ ရက်အထိ ကွင်းဆင်းစစ်ဆေးခဲ့တာလို့ ပြောပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ MICA ရဲ့ လုပ်ငန်းတွေကို ဆက်လက်စိစစ်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MICA ဟာ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အကျိုးမပြုဘဲ လူတစ်စုက လက်ဝါးကြီးအုပ် ခြယ်လှယ်နေတယ်ဆိုပြီး အဲဒီအေဂျင်စီကို ဖျက်သိမ်းဖို့အဆိုကို အမျိုးသားလွှတ်တော်က ဖေဖော်ဝါရီလမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။
MICA အဖွဲ့ကို အရင်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ဦးအုန်းမြင့် တို့ ဦးဆောင်ပြီး အစိုးရအရာရှိဟောင်းတချို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။