MICA ဖျက်သိမ်းဖို့အဆို အမျိုးသားလွှတ်တော် မှာ ဆွေးနွေးမည်


2016.12.14
amyothar-parliament-620.jpg အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: MOI

ပြည်ထောင်စုဝန်ကြီးဟောင်း နှစ်ဦး တည်ထောင်ခဲ့တဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ MICA ကို ဖျက်သိမ်းဖို့ အဆိုကို လက်ခံဆွေးနွေးဖို့ အမျိုးသားလွှတ်တော်မှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီအဆိုကို ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၇ က နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုးက တင်သွင်းတာဖြစ်ပြီး MICA အဖွဲ့ကို ဖျက်သိမ်းဖို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ တရားဝင်ခွင့်ပြုချက်မရရှိဘဲ သိမ်းဆည်းရယူထားတဲ့ စက်ရုံတွေ၊ လုပ်ငန်းတွေ၊ မြေ ယာတွေကို ဘယ်လိုစီမံခန့်ခွဲတယ်ဆိုတာနဲ့ ရရှိလာတဲ့ငွေကြေးတွေကို ဘယ်လိုစီမံခန့်ခွဲတယ်ဆိုတာကို အဲဒီအဖွဲ့နဲ့ သက်ဆိုင်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ရှင်းလင်းထုတ်ပြန်ပေးဖို့လည်း လွှတ်တော်မှာတင်ပြခဲ့ပါတယ်။

မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MICA ကို ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အရင်သမ္မတရုံး ဝန်ကြီးဟောင်း လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးစိုးသိန်း က ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ အရင်အစိုးရလက်ထက်က မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖံ့ွဖြိုးရေးဝန်ကြီးဌာန လက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနပိုင် လယ်မြေ၊ စက်ရုံ၊ ခြံမြေ၊ စက်ရုံနဲ့ ငါးကန်တွေကို ပုဂ္ဂလိက ကဏ္ဍထံ အခကြေးငွေယူပြီး ငှားရမ်းခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

မွေးမြူရေးနဲ့ ကုသရေးဌာနပိုင် ခြံနဲ့ စက်ရုံပေါင်း ၄၈ ခု၊ အုတ်စက်ရုံနဲ့ ဒညင်းကုန်းမြေဧရိယာ ၆၄ ဧကကျော်၊ ငါးလုပ်ငန်းဦးစီးဌာနပိုင် လုပ်ငန်း ၁၇ ခုတို့အပြင် ဌာနပိုင်မြေတချို့နဲ့ မွေးမြူရေး ဆေးတက္ကသိုလ်ပိုင် မြေဧက ၁၀၀ နီးပါးကို MICA က လွှဲပြောင်းရယူထား တယ်လို့လည်း အဆိုတင်သွင်းသူ ဒေါက်တာ အားကာမိုး က ပြောပါတယ်။

အဲဒီလို လွှဲပြောင်းယူပြီးနောက် MICA ဟာ နိုင်ငံပိုင်အဖွဲ့အစည်းအနေနဲ့ ငှားရမ်းခတွေကို ပြည်ထောင်စုလွှတ်တော်က ထည့်သွင်းရေး ဆွဲတဲ့ ဝန်ကြီးဌာနတွေရဲ့ ရသုံးမှန်းခြေစာရင်းမှာ မထည့်သွင်းသလို ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာလည်း ဖော်ပြခြင်း မရှိဘူးလို့ ဆိုပါတယ်။

MICA အဖွဲ့ ဥက္ကဌဖြစ်တဲ့ ဦးစိုးသိန်းဟာ ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးကိုလည်း တက်ရောက်ခြင်း မရှိပါဘူး။

ဒေါက်တာအားကာမိုးရဲ့ အဆိုကို လွှတ်တော်မှာ ကန့်ကွက်သူမရှိတဲ့အတွက် လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပြီး မကြာခင်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။