မြန်မာသင်္ဘောသားတွေ လွတ်မြောက်ရေး အီရန်သံအမတ်နဲ့ ဆွေးနွေး
2021.01.08
အီရန်နိုင်ငံမှာ အဖမ်းခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံသားပိုင် ရေနံတင်သင်္ဘော ပေါ်က မြန်မာ သင်္ဘောသား (၁၁) ယောက် လွတ်မြောက်ရေး ကူညီဆောင်ရွက် ပေးဖို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်က အီရန်သံအမတ်နဲ့ သွားရောက် တွေ့ဆုံပြီး မေတ္တာရပ်ခံလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံသားပိုင် ရေနံတင်သင်္ဘောပေါ်က မြန်မာ သင်္ဘောသား (၁၁) ယောက် လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးဖို့ အီရန်နိုင်ငံနဲ့ ပူးတွဲတာဝန်ယူထားတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမိုးကျော်အောင်က အီရန်သံအမတ်နဲ့ ဒီနေ့ သွားရောက်တွေ့ဆုံ မေတ္တာရပ်ခံလိုက်တာပါ။
အီရန်သံမတ်ကြီးက တောင်ကိုးရီးယား ရေနံတင်သင်္ဘောကို ဖမ်းဆီးထားတာဟာ နိုင်ငံရေးအရ မဟုတ်ဘဲ ပင်လယ်ပြင်ညစ်ညမ်းမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေအရ အရေးယူထားတာဖြစ်ပြီး သင်္ဘောသားတွေကလည်း ကျန်းကျန်းမာမာနဲ့ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ မြန်မာသံအမတ်ကြီးကို ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ဝန်နဲ့ ဥပဒေရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက RFA ကိုပြောပါတယ်။
“ဘန်ကောက်မှာရှိတဲ့ သံအမတ်ကြီးရယ်၊ နောက်ပြီးတော့ အိန္ဒိယမှာရှိတဲ့ မြန်မာသံအမတ်ကြီးက သက်ဆိုင်ရာ အီရန်သံမတ်ကြီးတွေနဲ့ တွေ့ပါတယ်။ တွေ့ပြီးတော့ ကျွန်တော်တို့ သင်္ဘောသားတွေရဲ့ အခြေအနေ၊ နောက်ပြီးတော့ အီရန်သံအမတ်ကြီးက ပြောတာတော့ သင်္ဘောဖမ်းရတဲ့ကိစ္စဟာ နိုင်ငံရေး အရ မဟုတ်ဘူးပေါ့နော်။ ပင်လယ်ပြင် ညစ်ညမ်းမှုဆိုင်ရာ နိုင်ငံတကာဥပဒေအရသာ အရေးယူထားခြင်း ဖြစ်တယ်၊ သင်္ဘောသားတွေက ကျန်းမာပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလည်းဖြစ်နေတော့ လိုအပ်ရင် ကျန်းမာရေးစောင့်ရှောက်မှုလည်း ပေးပါမယ်တဲ့ အဲဒီလိုတော့ ပြောထားတယ်ပေါ့နော်။ နောက် အီရန်ကလည်း ပြောတာက ကျွန်တော်နိုင်ငံနဲ့ ချစ်ကြည်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ သူတို့အနေနဲ့ အတတ်နိုင်ဆုံး စောင့်ရှောက်မယ်ပေါ့။ မြန်မာနိုင်ငံသား ၁၁ ဦး ဖြစ်နေတယ်ပေါ့။ အဲဒါလည်း သံအမတ်ကြီးက မေတ္တာရပ်ခံထားပါတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် ကောင်းတဲ့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။”
မြန်မာသင်္ဘောသား ၁၁ ယောက်ထဲမှာ အသက်ကြီးဆုံးက အသက် ၅၆ နှစ်နဲ့ အငယ်ဆုံးက ၂၇ နှစ် တွေဖြစ်ပြီး သူတို့လုပ်ထုံးလုပ်နည်းတွေအရ လုပ်ဆောင်ပြီးရင်တော့ အမြန်ဆုံးပြန်လွှတ်လိမ့်မယ်လို့ ယုံကြည်ကြောင်း လည်း ဦးအေးကိုကိုက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံပိုင် ရေနံတင် သင်္ဘောတစ်စီးက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ရေနံ ဓာတုထုတ်ကုန်တွေ သယ်ဆောင်လာတယ်ဆိုပြီး အီရန် လက်နက်ကိုင်တော်လှန်ရေး အစောင့်တပ်က အီရန်ဟော်မုဇ်ရေလက်ကြားမှာ ဇန်နဝါရီ (၄) ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။
အီရန်က ဖမ်းထားတဲ့ သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၁၁ ယောက် ပါပြီး သူတို့လွတ်မြောက်ဖို့ မြန်မာအစိုးရက ကြိုးစားနေကြောင်း၊ မြန်မာအစိုးရက ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံက အီရန်သံရုံးတွေကို ချိတ်ဆက်ဆောင်ရွက်နေပြီး သင်္ဘောပိုင်ရှင်ဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံနဲ့လည်း ချိတ်ဆက်ဆောင်ရွက် နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။
အီရန်နိုင်ငံကို ပူးတွဲတာဝန်ယူထားတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမိုးကျော်အောင် က နယူးဒေလီမြို့မှာရှိတဲ့ အီရန်သံရုံးမှာ အီရန်သံအမတ်၊ ကောင်စစ်ဝန်တို့နဲ့ ဒီနေ့ တွေ့ဆုံပြီး မြန်မာ သင်္ဘောသား ၁၁ ယောက်အခြေအနေကို မေးမြန်းစုံစမ်းခဲ့သလို သူတို့ကို အမြန်ပြန်လွှတ်ပေးအောင် ကူညီပေးဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီညနေမှာ သတင်းထုတ်ပြန်ပါတယ်။
မနေ့က အတည်ပြုချက်အရ အီရန်နိုင်ငံက ဖမ်းဆီးထားတဲ့ တောင်ကိုရီးယားသင်္ဘောပေါ်က သင်္ဘောသား အားလုံး လက်ရှိအချိန်အထိ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း၊ လွတ်မြောက်ဖို့နဲ့ လုံခြုံဖို့အတွက်လည်း စဉ်ဆက်မပြတ် တောင်းဆိုနေကြောင်း၊ တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ယူပြီး အီရန်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်း မြန်မာရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချမ်းမြေ့က RFA ကို ပြောပါတယ်။
အခုလို ရေနံဓာတု ထုတ်ကုန် တန်ချိန် ၇၂၀၀ သယ်ဆောင်လာတဲ့ တောင်ကိုရီးယားသင်္ဘောနဲ့ ပတ်သက်လို့ ရေထုညစ်ညမ်းမှုအပေါ် မူတည်ပြီး ဥပဒေအရ အရေးယူတာ လျော်ကြေးတောင်းတာတွေ လုပ်နိုင်တယ်လို့ ဦးချမ်းမြေ့က ပြောပါတယ်။
"အဲဒါတွေကလေ သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီကို လျော်ကြေးတောင်းဆိုတာလည်း ရှိနိုင်သလို ရေထုညစ်ညမ်းမှုကြောင့် ပျက်ဆီးထိခိုက်တဲ့အပေါ်မှာ မူတည်ပြီး သူတို့နိုင်ငံမှာရှိနေတဲ့ ဥပဒေတွေအရ အရေးယူ အပြစ်ပေးတာတွေအထိလည်း ရှိပါတယ်။ ဒါမျိုးတွေက နိုင်ငံအလိုက်တော့ ကွာခြားနိုင်တာ ပေါ့လေ။ အမေရိကန်တို့ ဘာတို့မှာဆိုရင်လည်း ဒီလိုဥပဒေတွေ ရှိပါတယ်။ သူတို့ဆီမှာ ရေပြင်မှာ ရေထုညစ်ညမ်းမှု ဖြစ်တယ်ဆိုရင် ဥပဒေအရ အရေးယူတာတို့ လျော်ကြေးပေးခိုင်းတာတို့ မျိုးစုံရှိပါတယ်။"
သံတမန်ရေးရာဆောင်ရွက်ရမယ့် ကိစ္စဖြစ်တာကြောင့် ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနက နိုင်ငံခြား ရေးဝန်ကြီးဌာနကို အကူအညီ တောင်းခံထားပြီး သင်္ဘောကုမ္ပဏီဘက်ကိုလည်း ဆက်သွယ်ထားပါတယ်။
ဖမ်းခံထားရတဲ့ မြန်မာသင်္ဘောသားတွေအခြေအနေကို ကိုရီးယားနိုင်ငံက ထုတ်ပြန်မှသာ သိနိုင်မယ် လို့ အပြည်ပြည်ဆိုင်ရာသယ်ယူပို့ဆောင်ရေးအလုပ်သမားများ အဖွဲ့ချုပ် (ITF) ဌာနေကိုယ်စားလှယ် ဦးဟန်ဘိုထွန်းက ပြောပါတယ်။
“ကျွန်တော်တို့ဆီကိုတော့ မရောက်လာသေးဘူး။ ကျွန်တော်က မြန်မာပြည် ITF contact ပါ။ ဒါပေမဲ့ ပြောချင်တာကတော့ ဒီကိစ္စကို ကျွန်တော်တို့ စောင့်ကြည့်နေတယ်။ မိသားစုဝင်တွေက ဘယ်သူမှတော့ ကျွန်တော်တို့ဆီကိုလာပြီး ဆက်သွယ်တာ မရှိသေးဘူး။ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကိုရီးယားဘက်က ထုတ်ပြန်ပါလိမ့်မယ်။ မြန်မာ သင်္ဘောသားတွေ အများကြီးပါတယ်ဆိုပေမယ့် ကျွန်တော်တို့ဆီကို တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီ တောင်းခံလာတာမျိုးတော့ မရှိသေးဘူး။”
လက်ရှိမှာတော့ မြန်မာသင်္ဘောသားတွေနဲ့ ပတ်သက်လို့ ဘာမှမသိထားသလို ပါဝင်ပတ်သက်သူတွေကလည်း တိုင်ကြားဆွေးနွေးတာ မရှိသေးဘူးလို့ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမား များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဟုတ်ဆွမ်က ပြောပါတယ်။
“လောလောဆယ်ကတော့ ဘာမှမကြားသေးဘူး။ ပါဝင်ပတ်သက်တဲ့သူတွေကလည် MSF ကို ဘာမှ အကျိုးအကြောင်း တိုင်ကြားဆွေးနွေးခြင်း မရှိသေးပါဘူး။ သက်ဆိုင်ရာက ဆက်သွယ်ပြီး လာရောက် အကူအညီတောင်းရင် တတ်နိုင်သမျှတော့ လုပ်ပေးမယ်။ အခုက တိုင်ကြားတာ မရှိတဲ့အတွက် လုပ်ပေးလို့ မရတဲ့ အနေအထားဖြစ်တယ်။ ဒီကိစ္စက နိုင်ငံတော်က သက်ဆိုင်ရာ တာဝန်ရှိသူတွေ လုပ်နေတယ် ဆိုတော့။”
အဲဒီ သဘောပေါ်မှာ မြန်မာနိုင်ငံသား (၁၁) ဦးအပါအဝင် တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ် က သင်္ဘောသား အယောက်(၂၀) လိုက်ပါသွားတာပါ။ ဖမ်းခံထားရတဲ့ သင်္ဘောသားတွေရဲ့ မိသားစုတွေကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဘယ်သူတွေဆိုတာကို တိတိကျကျပြောဆိုနိုင်သူ မရှိတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဖမ်းခံထားရတဲ့ သင်္ဘောသားတွေ ပြန်လွတ်ဖို့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ အီရန်နိုင်ငံကို မနေ့က ရောက်ရှိနေပါပြီ။ အဲဒီကိုယ်စားလှယ်အဖွဲ့ကို တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အီရန်က ဖမ်းဆီးထားတဲ့ ရေနံတင်သင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။