စစ်လက်နက် သယ်လာတယ်လို့ ယူဆရတဲ့ အီရန်လေယာဉ် နေပြည်တော်ကိုဆင်း
စစ်ကောင်စီကို ထောက်ပံ့ဖို့ လက်နက်ပစ္စည်းတွေ သယ်လာတယ်လို့ ယူဆရတဲ့ အီရန်လေယာဉ်တစ်စင်း ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့ နံနက်ပိုင်းက နေပြည်တော်လေဆိပ်ကို ဆိုက်ရောက်ခဲ့တယ်လို့ ဟောင်ကောင်အခြေစိုက် အေးရှားတိုင်းမ်စ်သတင်းက ဖော်ပြလိုက်ပါတယ်။
အဲ့ဒီအီရန်လေယာဉ်ထဲမှာ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ပါတယ်လို့ယူဆရတဲ့ ကုန်သေတ္တာ ၂၁ လုံးကို သယ်ဆောင်လာကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်က အေးရှားတိုင်းမ်စ်ကို သတင်းပေးထားတယ်လို့ ဆိုပါတယ်။
အဲ့ဒီကုန်သေတ္တာတွေထဲမှာ ဘာပစ္စည်းတွေပါလဲဆိုတာတော့ တိတိကျကျ မသိရသေးဘူးလို့လည်း ပြောပါတယ်။
ဒီအီရန်လေယာဉ်ဟာ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်မှာ မြန်မာပြည်ကနေ ရောင်းရငွေ အမေရိကန်ဒေါ်လာတွေပိုက်ပြီး ပြန်ထွက်ဖို့ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
"ဆီးရီးယား စစ်ပွဲမှာ သုံးခဲ့တဲ့ ဓာတုလက်နက်တွေနဲ့ ဒရုန်းလေယာဉ်ငယ်လေးတွေကို ဒီအီရန်လေယာဉ်က သယ်ဆောင်လိမ့်မယ်၊ ဒီလေယာဉ်ဟာ ဥဇဘက်ကစ္စတန်နိုင်ငံမှာ ခဏရပ်ပြီး မြန်မာပြည်မှာ ပိုက်ဆံ ရိုက်နှိပ်ဖို့ ငွေစက္ကူနဲ့ တခြားလိုတဲ့ ပစ္စည်းတွေကို တင်လိမ့်မယ်" လို့ ပေါက်ကြားလာတဲ့ ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး သတင်းရင်းမြစ် တစ်ယောက်ကလည်း ပြောတယ်လို့ အေးရှားတိုင်းမ်စ်သတင်းမှာ ဖော်ပြပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ အတည်ပြုနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။
အေးရှားတိုင်းမ်စ်သတင်းမှာ ဖော်ပြချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်သိနိုင်ဖို့ RFA က ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း အီရန်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက်တစ်နေ့မှာလည်း အီရန်လေယာဉ်တစ်စီး ပထမအကြိမ် နေပြည်တော်ကို ဆင်းသက်ခဲ့ပြီး ဒီတခေါက်က ဒုတိယအကြိမ် ဖြစ်တယ်လို့ အေးရှားတိုင်းမ်စ်ကဆိုပါတယ်။