မိကျောင်းကန်ရပ်ကွက် မြေသိမ်း ခံရသူတွေ ဆန္ဒပြ
2015.07.09

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁၊၂၊၃) က မြေသိမ်းခံရသူ ၅၀ လောက်ဟာ သိမ်းဆည်းခံခဲ့ရတဲ့မြေတွေကို အစားထိုးမြေနေရာ ပြန်လည်ပေးဖို့နဲ့ ထိုက်တန်တဲ့ မြေယာလျော်ကြေးပေးဖို့ ရန်ကုန်မြို့ တာမွေမြို့နယ်က လူထုဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
အစိုးရဘက်က ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိလာတဲ့အထိ ဆက်လက်တောင်းဆိုသွားမှာဖြစ်ကြောင်း မိကျောင်းကန်မြေသိမ်းခံရသူ ဒေါ်စိန်ခင်က ပြောပါတယ်။
"ကိုယ်တွေက မြေပိုင်ရှင်တွေ မြေအမှန်တွေ၊ အဲ့အတွကေ်ကြာင့် နစ်နာခဲ့လို့လည်း လိုချင်တယ်၊ လိုချင်လို့လည်း တောင်းဆိုတယ်၊ ဒါပေမဲ့ အစိုးရဘက်က တစ်စုံတစ်ရာဖြေရှင်းလာတာ ဘာမှမရှိသေးဘူး၊ ဘာပဲဖြစ်ဖြစ် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေတစ်ရပ်ရပ်ပေါ့နော်၊ မြေမပေးတာတောင်မှ အစားထိုးမြေ ဒါမှမဟုတ်လို့ရှိရင် နစ်နာလျော်ကြေးငွေ ဒီလိုလေးတွေကိုလည်း လိုချင်တယ်၊ ညှိနှိုင်းဆောင်ရွက်မှု တစ်စုံတစ်ရာမရလာမခြင်း ဆက်လုပ်မယ်"
သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁၊၂၊၃) မှာ နေထိုင်သူ ၁၀၀၀ ကျော်ရဲ့ မြေနေရာတွေကို ၁၉၉၀ ခုနှစ်က တပ်မတော်က သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီနေရာမှာ နေထိုင်ခဲ့သူတွေကို နေရာတွေ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ မြို့တော်ခန်းမအနီးမှာ သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာမှာ ဦးဆောင်ခဲ့တဲ့ ကိုစိန်သန်းကို ပုဒ်မ ၁၈ တရားမဝင် စီတန်းလှည့်လည်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချထားသလို ဆန္ဒပြသူတွေထဲက ၁၃ ဦးဟာ ကျောက်တံတားနဲ့ လသာမြို့နယ်တွေမှာ စည်ပင်ဥပဒေပုဒ်မ ၆၈ နဲ့ တရားမဝင်ဆန္ဒပြမှု ပုဒ်မ ၁၈ တွေနဲ့ လက်ရှိတရားရင်ဆိုင်နေ ရပါတယ်။