မြို့တော်ခန်းမဝင်ပေါက် ပိတ်ဆို့ဆန္ဒပြခဲ့သူ ၁၄ ဦးကို ရုံးထုတ်စစ်ဆေး
2015.01.06

ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ဝင်ပေါက်ကို ၁၂ ရက်ကြာ ပိတ်ဆို့ဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၃ ခုနဲ့ တရားစွဲခံထား ရတဲ့ မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦး ကို ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ် ရာ တရားလို ၂ ဦးကို စစ်ဆေးခဲ့ပါတယ်။
တရားလို ၂ ဦးကို စစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး တရားစွဲခံရသူ ၁၄ ဦးရဲ့အမှုကို လိုက်ပါဆောင် ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလိုပြောပါတယ်။
"ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံဌာနမှူး ဦးမောင်မောင်ဇော်ကို စစ်ဆေးပါတယ်၊ ထူးခြားချက်ကတော့ မိကျောင်းကန်ကလူတွေက တံခါးအပေါက်ဝမှာ ထိုင်တဲ့အခါတုန်းက သူတို့ကဆောင်းဘောက်တွေနဲ့ မြူးမြူးကြွကြွ တီးလုံးတွေဖွင့်တယ်၊ ဂျာနယ်တွေနဲ့ ပြည်သူတွေ သိရှိချက်ကို ဆန့်ကျင်ပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံဌာနမှူး ဦးမောင်မောင်ဇော်က အဲ့ဒါကို သူမသိပါဘူးလို့ ဗြောင်ကြီး ကိုပြောသွားတယ်"
မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈၊ တရားမဝင်စုဝေးမှု ပုဒ်မ ၁၄၃၊ မတရားတားဆီးကန့်ကွက်မှု ပုဒ် ၃၄၁ တို့နဲ့ မြို့တော်စည်ပင်သာယာဦးစီးဌာနက စီမံဌာနမှူး ဦးမောင်မောင်ဇော်နဲ့ ကျောက်တံတားမြို့နယ် ဒုတိယရဲမှူး ဦးတင်လှတို့က တရားစွဲထားတာဖြစ်ပါ တယ်။
တရားစွဲခံရသူ ၁၄ ဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ကစပြီး ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပိတ်ဆို့ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုကို ဒီလ ၁၆ ရက်နေ့မှာ ထပ်မံစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။