မြန်မာပြည်မြောက်ပိုင်း ကျားဖြန့်ဂိုဏ်းက လူ ၃၉ ဦးကို တရုတ်အစိုးရ တရားစွဲ
2024.12.30

မြန်မာပြည်မြောက်ပိုင်းအခြေစိုက် အကြီးစား ရာဇဝတ်ဂိုဏ်းတွေက လူ ၃၉ ဦး ကို တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၃၀ ရက် ဒီနေ့ တရားစွဲဆိုလိုက်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
တရားစွဲဆိုခံရသူတွေဟာ ကိုးကန့်ဒေသရဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ခေါင်းဆောင်တွေဖြစ်တဲ့ 'မင်' မိသားစုဝင်တွေနဲ့ အပေါင်းအပါတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ကို အွန်လိုင်းလိမ်လည်မှု၊ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ထိခိုက်ဒဏ်ရာရစေမှု၊ တရားမဝင် ချုပ်နှောင်မှု၊ ကာစီနို လုပ်ငန်းလုပ်ကိုင်မှု၊ မူးယစ်မှောင်ခိုကူးမှုနဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှုတွေနဲ့လည်း တရားစွဲဆိုထားပါတယ်။
ဒီအမှုကို တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ် ဝမ်ကျို မြို့တရားရုံးမှာ တရားစွဲဆိုထားတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းကနေ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်နွှယ်တယ်လို့ သံသယရှိသူ ၃၁,၀၀၀ ကို လွှဲပြောင်းလက်ခံရရှိခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအထဲမှာ ကိုးကန့်ဒေသရဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ခေါင်းဆောင်တွေဖြစ်တဲ့ 'မင်' မိသားစုဝင်တွေကို ဖမ်းဆီးနိုင်ခဲ့ပြီး အဓိကခေါင်းဆောင် မင်ရှောက်ချန်းဟာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။