မိကျောင်းကန် သပိတ်စခန်းကို အင်အားသုံးဖယ်ရှား၊ ၁၄ ဦးကို ဖမ်းဆီးတရားစွဲ
2015.02.26

ရန်ကုန်မြို့ မြို့တော်ခန်းမအနီးမှာ တစ်နှစ်နီးပါးကြာ ဖွင့်လှစ်ခဲ့တဲ့ မိကျောင်းကန်သပိတ်စခန်းကို စည်ပင် ရဲတွေက ဖယ်ရှားလိုက်ပြီး ဆန္ဒပြနေသူ ၁၄ ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈၊ စည်ပင်ဥပဒေပုဒ်မ ၆၈ နဲ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ အမှုဖွင့်လိုက်ပါတယ်။
အဲဒီ ၁၄ ဦးကို ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေး လိုက်တယ်လို့ အမှုဖွင့်ခံရသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ဦးရောဘတ် စန်းအောင် က ပြောပါတယ်။
"လေးယောက်ကတော့ ဈေးသည်တွေဖြစ်လို့ ကိုယ်ပိုင် ခံဝန်နဲ့ပဲ အိမ်ပြန်ခိုင်းတယ်၊ အမှုစွဲမတင်ပါဘူး၊ ကျန်တဲ့ ၁၄ ကိုတော့ ရုံးစွဲတင်ပါတယ်၊ ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပုဒ်မ ၁၈ နဲ့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်နေလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောက်တံတား တရားရုံးမှာ တရားစွဲပါတယ်၊ လသာမြို့နယ် စည်ပင်သာယာတရားရုံးမှာ မြို့နယ်စည်ပင်သာယာရေးကော်မတီ ပုဒ်မ ၆၈ အရ တရားစွဲပါတယ်၊ ပြီးတော့ ကိုယ်ပိုင်ခံဝန်နဲ့ပဲ အိမ်ပြန်လွှတ်လိုက်ပါတယ်"
ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးအဖဲ့ွက သပိတ်စခန်းကို ဖယ်ရှားပေးဖို့ မနေ့က သတိပေးခဲ့ပြီးနောက် ဒီနေ့မနက်အစောပိုင်းမှာ စည်ပင်ရဲဝန်ထမ်း ၂၀၀ ကျော်က သပိတ်စခန်းကို ဖယ်ရှားခဲ့တာဖြစ်ပါတယ်။
သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁ ၊ ၂ ၊ ၃ က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တပ်မတော်က သိမ်းဆည်းခံရတဲ့မြေတွေ ပြန်လည်ရရှိဖို့အတွက် မြို့တော်ခန်းမအနီးမှာ ဆန္ဒပြနေတာ ၁၁ လကျော်နေပြီ ဖြစ်ပါတယ်။
သပိတ်စခန်းခေါင်းဆောင် ကိုစိန်သန်းကို ပုဒ်မ ၁၈ တရားမဝင် စီတန်းလှည့်လည်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချထားသလို သပိတ်စခန်းကနေ မြို့တော်ခန်းမရှေ့မှာ ပိတ်ပြီးဆန္ဒပြခဲ့တဲ့ ၁၄ ယောက်ကို ထောင်ဒဏ် ၆ လစီ ချမှတ်ထားပါတယ်။