ကရင်နီ တပ်ပေါင်းစုတွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် လွိုင်ကော်ခရိုင်တရားရုံး မီးလောင်

RFA Burmese
2023.11.17
ကရင်နီ တပ်ပေါင်းစုတွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် လွိုင်ကော်ခရိုင်တရားရုံး မီးလောင် လွိုင်ကော်ခရိုင်တရားရုံး မီးလောင်နေသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Khu Reedu - Facebook (KNDF)

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ခရိုင်တရားရုံးဝင်းထဲက စစ်ကောင်စီတပ်သားတွေကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတွေက နိုဝင်ဘာလ ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ပြီးနောက် ရုံးဝင်းအတွင်း မီးလောင်နေတယ်လို့လည်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) နဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ စစ်ရေးချုပ် ခူးရီးဒူကတော့ စစ်ကောင်စီရဲ့ ပျက်စီးယိုယွင်းနေတဲ့ တရားရေးစနစ်ကို တည့်မတ်ဖို့ တရားရုံးကို တိုက်ခိုက်ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။

တရားရုံးမီးလောင်တဲ့ ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ မပြောနိုင်သေးဘူးလို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတယ်။ လွိုင်ကော်တရားရုံးက မီးလောင်နေတယ်။ အဲဒီ ခရိုင်တရားရုံး ပတ်ချာလည်မှာ စစ်ကောင်စီတပ်တွေရှိတယ်”

ဒီနေ့ မနက်ပိုင်းကတည်းက လွိုင်ကော်မြို့ပေါ်က နေရာ ငါးခုမှာ တိုက်ပွဲတွေဖြစ်နေ ပြီးတော့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီတပ်က ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်တွေရှိရာဘက်ကို လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်မှုတွေလုပ်လို့ မထွက်ရဲသေးဘဲ ပိတ်မိနေတဲ့ ဒေသခံ တစ်သောင်းကျော် ကျန်နေသေးတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက ပိုပြင်းထန်လာတယ်။ စစ်ရှောင်တွေ ပိတ်မိနေသေးတယ်။ စစ်ရှောင် ထွက်တဲ့လမ်းမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်နေတယ်။ လေယာဉ်လာလို့ ထွက်မယ့်လူတွေက ပိုစွန့်လာတယ်”

နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီနေ့အထိ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက ကယားပြည်နယ်ထဲမှာ တစ်လေးလုံး စစ်ဆင်ရေးကို လုပ်ဆောင်နေတာဖြစ်ပြီး ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ခန်း ကိုးခုကို ရရှိထားသလို လွိုင်ကော်တက္ကသိုလ် ကိုလည်း ထိန်းချုပ်ထားတယ်လို့ KNDF က ဆိုပါတယ်။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လူမှုရေး ဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကရင်နီ လူ့ အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်တဲ့ စာရင်းအရ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကယားပြည်နယ်မှာ ကလေးငယ် ခြောက်ဦးအပါအဝင် အရပ်သား ၂၆ ဦးသေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။