NUG တရားရုံးများ အမှုပေါင်း ၂၀၀ ကျော် ပြီးပြတ်အောင် ဆောင်ရွက်ခဲ့

RFA Burmese
2023.08.04
NUG တရားရုံးများ အမှုပေါင်း ၂၀၀ ကျော် ပြီးပြတ်အောင် ဆောင်ရွက်ခဲ့ စစ်ကိုင်းတိုင်း ကလေးမြို့တွင် ၂ဝ၂၂ ခုနှစ် မေလ ၁၄ ရက်နေ့က ဒေသခံများ စစ်အာဏာဆန့်ကျင်ဆန္ဒပြခဲ့ကြစဉ်။
Citizen Journalist

အမျိုးသားညီညွတ်ရေး အစိုးရ NUG တရားရေးဝန်ကြီးဌာနက တရားစီရင်ရာမှာ ၂၀၂၃ ခုနှစ် ဇွန်လအထိ အမှုပေါင်း ၂၀၀ ကျော်ကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ NUG တရားရေးဝန်ကြီးဌာနက ဩဂုတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တရားရေးဝန်ကြီးဌာနအနေနဲ့ တရားမမှုပေါင်း ၂၉ မှု၊ ရာဇဝတ်မှုပေါင်း ၁၇၃ မှုကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး တရားမမှု ၇၄ မှု၊ ရာဇဝတ်မှု ၃၀၆ မှု တို့ကို ကြားနာစစ်ဆေးခဲ့တာကြောင့် အမှုပြီး ပြတ်မှု ၅၃ ရာခိုင်နှုန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ တရားသူကြီး ၁၉ ဦး၊ ဥပဒေအရာရှိ ၅ ဦးနဲ့ ရုံးချုပ် အရာရှိ ခြောက်ဦး စုစုပေါင်းအယောက် ၃၀ ကို အငြင်းပွားမှု ဖြေရှင်းခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ် ပို့ချပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကြားကာလအတွင်း တော်လှန်ရေးအခြေအနေတွေနဲ့ လိုက်လျောညီထွေအောင် လည်ပတ်နေတဲ့ တရားရုံးတွေရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ထုံးလုပ်နည်းတွေဟာ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုမှာ ဖွဲ့စည်းတည်ထောင် မယ့် တရားရုံးတွေအတွက် ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

NUG တရားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ချက် သိနိုင်ဖို့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်လို့ မရခဲ့ပါဘူး။

NUG ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ တရားရုံး ၂၅ ရုံးအထိ ဖွင့်လှစ်ခဲ့ပြီး ဖြစ်တယ်လို့ ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့က NUG သမ္မတ ဒူဝါလရှီးလက ပြောထားပါတယ်။  NUG ကြေညာတဲ့ မြို့နယ်တွေဟာ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၅ မြို့နယ် ဖြစ်ပါတယ်။

တမူး၊ ယင်းမာပင်၊ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ဗန်းမောက်၊ ကျွန်းလှ၊ အင်းတော်၊ ထီးချိုင့်၊ ကနီ၊ ဝက်လက်၊ အရာတော်၊ မြင်းမူ၊ တန့်ဆည်၊ ခင်ဦးတို့ ဖြစ်ပါတယ်။ ဒီ ၁၅ မြို့နယ်မှာ တရားရုံးတွေ ဖွင့်လှစ်ထားမှာဖြစ်ပြီး တစ်မြို့နယ်ကို တရားသူကြီး ငါးယောက်နှုန်းစီ ခန့်အပ်ထားတာဖြစ်ပါတယ်။ NUG တရားရေးဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။