မန္တလေး ဖမ်းဆီးခံတောင်သူတွေ လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆို
2018.11.16

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ပေါ်တော်မူဘုရားအနီးက မန္တလေးတိုင်း ရေကြောင်းရဲတပ်ဖွဲ့ခွဲရုံး တည်ဆောက်မယ့်နေရာမှာ နေထိုင်သူတွေကို ဖမ်းဆီးတရားစွဲတာတွေကို ကန့်ကွက်ကြောင်း မန္တလေးမြို့ ဒေသခံ တောင်သူ ၂၀၀ ကျော် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို မန္တလေးမြို့ မြို့နယ် ၁၂ ခုက တောင်သူတွေ ပူးပေါင်းပါဝင်ခဲ့ပြီး ပေါ်တော်မူဘုရားကနေ မြတောင်ဘုရားအထိ လမ်းလျှောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ပေါ်တော်မူဘုရားအနီးက တောင်သူတွေကို အင်အားသုံးဖယ်ရှားပြီး တရားစွဲဆိုတာတွေကို လက်မခံနိုင်တာကြောင့် ကန့်ကွက်ဆန္ဒပြတာဖြစ်ကြောင်း ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန်တောင်သူလယ် သမားရေးရာ သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလင်းထက်စိုးက ပြောပါတယ်။
"ခုခံပိုင်ခွင့် ရှိပါတယ်။ အငြင်းပွားမှုဖြစ်နေတဲ့နေရာမှာ ရေကြောင်းရဲတပ်ဖွဲ့က ပိုင်ဆိုင်တယ်ဆိုပြီး ဝင်ရောက်လု ယူလို့ မရပါဘူး။ လိုချင်တယ်ဆိုရင် တရားရေးအရသွားရမှာ။ တရားရေးကြောင်းအရ သွားရမှာကို မသွားဘူး။ တရားရေးရဲ့ အမိန့်အရ မကျူးလွန်ပါဘူး၊ အမှုမမြောက်ပါဘူးဆိုပြီး တရားရှင်လွတ်ထားတာရှိတယ်။ မကျေနပ်ဘူးဆိုရင် အဆင့်မြင့်တရားရုံးတွေရှိတယ်။ ဆက်ပြီးတက်ရမှာ။ ဒါဥပဒေကြောင်းအရပဲ၊ အဲဒီလို တက်ရောက်ခြင်းမရှိဘဲနဲ့ ရုံးချိန်ပြင်ပမှာ လမ်းကိုပိတ်ဆို့ပြီး ရဲအင်အားတွေနဲ့ တောင်သူတွေကို ဝင်ရောက် စီးနင်းလိုက်တာပဲ"
ရေကြောင်းရဲတပ်ဖွဲ့ခွဲရုံး တည်ဆောက်မယ့်နေရာမှာ နေထိုင်သူတွေကို နိုဝင်ဘာလ ၁၀ ရက်နေ့က ဖယ်ရှားရှင်း လင်းခဲ့တာဖြစ်ပြီး အဲဒီအချိန်က တားဆီးဟန့်တားတွေလုပ်ဆောင်ခဲ့တဲ့ တောင်သူ ၆ ဦးကို ဖမ်းဆီးခဲ့ပြီး ရေကြောင်းရဲတပ်ဖွဲ့က တရားစွဲထားတာဖြစ်ပါတယ်။
ဖမ်းဆီးထားတဲ့ တောင်သူတွေကို နာကျင်စေမှု ပုဒ်မ ၄၄၀၊ ပြည်သူ့ဝန်ထမ်းကို တာဝန်ဝတ္တရားဆောင်ရွက်ချိန် ဟန့်တားမှု ပုဒ်မ ၃၃၂၊ ရာဇဝတ်မကင်းတဲ့ခြောက်လှန့်မှု ပုဒ်မ ၅၀၆ နဲ့ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ ၁၁၄ စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
အဲဒီမြေတွေကို ၁၉၉၅ ခုနှစ်မှာ မန္တလေးမြို့ပတ်လမ်း ဖောက်ဖို့အတွက် သိမ်းဆည်းခံခဲ့ရတာဖြစ်ပြီး လမ်းအတွက် အသုံးပြုဆောင်ရွက်တဲ့ထဲက ပိုလျှံနေတဲ့ မြေတွေကို ဒေသခံတောင်သူတွေကို ပြန်ပေးဖို့ ၂၀၁၃ ခုနှစ်က သက်ဆိုင် ရာဌာနတွေကို စာပေးပို့တောင်းဆိုခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ မြေယာအတွင်း ဝင်ရောက်စိုက်ပျိုးနေထိုင်ခဲ့ကြတာလို့ သိရပါတယ်။
လက်ရှိအစိုးရအနေနဲ့ မြေယာအရေးနဲ့ပတ်သက်လို့ ဖြေရှင်းတဲ့ကိစ္စတွေမှာ အားနည်းချက်တွေရှိကြောင်း ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာ တံခွန်တောင်သူလယ်သမား သမဂ္ဂက ဥက္ကဌ ဒေါ်ခင်ထားကြည်က အခုလို ပြောပါတယ်။
"အားသာချက်ကတော့ လက်တလောမှာ ပြောရခက်တယ်။ မတ္တရာမြို့နယ်မှာဆိုလည်း ရေနံသာမှာ ပုံစံ ၃ ဒုသမ္မတက ပေးထားတယ်။ ပုံစံ ၃ သာပေးထားတယ်။ မြေပြင်မှာကြီးစိုးနေတာက အင်အားကောင်းတဲ့သူတွေ ကြီးစိုးနေတယ်။ တောင်သူတွေက ဝင်လုပ်ရင် ရိုက်ပွဲတွေဖြစ်ကြတယ်။ ဖြစ်လာရင် တောင်သူတွေက လျော်ချပေးရတယ်။ အင်အားကြီးတဲ့ အဖွဲ့အစည်းဆိုတော့။ သည်လိုမျိုးတွေ ရှိနေတယ်။ ဘာသုံးသပ်မလဲဆိုတော့ အစိုးရသည် မြေဖြေရှင်းရေးမှာ အင်မတန်ကို အားနည်းနေပါတယ်။ အားသာချက်ကတော့ မရှိသလောက်ပေါ့။ ၂၀၁၉ လောက်ဆိုရင်တော့ အားသာချက် ရှိကောင်းရှိလာပါမယ်။ မျှော်လင့်နေပါတယ်"
ဆန္ဒပြသူတွေက ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့အပါအဝင် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်လည်ရရှိရေး၊ ဥပဒေချိုးဖောက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို မလိုမရှိကြောင်းနဲ့ တောင်သူတွေကို အရေးယူနေ တာတွေကို ရပ်တန့်ဖို့ အပါအဝင် အချက် ၇ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။
အဲဒီမြေနေရာမှာ ရေကြောင်းရဲတပ်ဖွဲ့ခွဲရုံး တည်ဆောက်ဖို့အတွက် စနစ်တကျ တင်ပြတောင်းခံထားတာဖြစ်ကြောင်း မန္တလေး ရေကြောင်းရဲတပ်ဖွဲ့ခွဲရုံး ဒုတိယရဲမှူးကြီး အောင်ဇော်မြင့်က ပြောပါတယ်။
မန္တလေးမြို့မှာ လယ်ယာမြေအရေးနဲ့ပတ်သတ်လို့ ဖမ်းဆီးတရားစွဲဆိုခံထားရသူ၊ ထောင်ကျနေတဲ့သူ စုစုပေါင်း ၅၀ ခန့်ရှိတယ်လို့လည်း သိရပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့ထားတာပါ။