NLD အမတ် မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ထောင် ၅ နှစ်ချခံရ
မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကို ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မှာ စစ်ကောင်စီက ပုဒ်မနှစ်ခုအတွက် အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ် အမိန့်ချလိုက်တယ်လို့ ရှေ့နေအသိုင်းဝိုင်းက ပြောပါတယ်။
ဥပဒေပုဒ်မ ၅၀၅-က အတွက် ထောင် ၃ နှစ်နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု့ဥပေဒပုဒ်မ - ၂၅ အတွက် ထောင် ၂ နှစ်၊ စုစုပေါင်း ၅ နှစ်ချမှတ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကိုပြောပါတယ်။
“၅၀၅ - က ဆိုတာကလည်း စစ်တပ်က အာဏာသိမ်းတဲ့အချိန် မြို့နယ်တွေမှာ အုပ်ချုပ်ရေးအဖွဲ့ဖွဲ့တာ သူ့နာမည် ပါနေလို့ဆိုပြီးစွဲတာ၊ တကယ်တော့ အဲဒီတုန်းကလည်း သူကထောင်ထဲမှာ ရောက်နေပြီ၊ သဘာဝဘေး ၂၅ ကလည်း ရွေးကောက်ပွဲကာလတုန်းက လူစုလူဝေးဆိုပြီးစွဲတာ၊ အယူခံဝင်သွားဖို့တော့ မရှိပါဘူး”
ဦးအောင်ကျော်ဦးဟာ ၂၀၁၅ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကနေ ပုသိမ်ကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သလို ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာလည်း ထပ်မံ အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဒီဇင်ဘာလ ၃၀ ရက် ဒီကနေ့မှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအပါအဝင် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ပါတီထိပ်ပိုင်းတာဝန်ရှိသူတွေကို ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့ပါတယ်။