ဆန္ဒပြ ကျောင်းသားတွေ ကျောင်းထုတ်ခံရ


2018.01.26
bakatha-students-mdy-622.jpg ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဗကသကျောင်းသားတွေ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ က ဆန္ဒပြစဉ်
Photo: Khaymani Win/ RFA

ပညာရေးဘတ်ဂျက် တိုးမြင့်ပေးရေးနဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော်ရာမှာပါဝင်ခဲ့တဲ့ ရတနာပုံတက္ကသိုလ် က ကျောင်းသား ၁၂ ယောက်ကို အကန့်အသတ်မရှိကျောင်းကနေ ရပ်နားလိုက်တယ်လို့  ရတနာပုံတက္ကသိုလ်က ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင် က ပြောပါတယ်။

အဲဒီလို ကျောင်းထုတ်လိုက်တာဟာ နိုင်ငံရေးအရမဟုတ်ဘဲ ကျောင်းစည်းကမ်းတွေကို မလိုက်နာတဲ့အတွက် အရေးယူတာဖြစ်တယ်လို့ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင် က ပြောပါတယ်။

"ကျောင်းကိစ္စကလည်း ကျနော်တို့က ကျောင်းစည်းကမ်းနဲ့ပဲ အရေးယူတာပါ၊ နိုင်ငံရေးကိစ္စတွေကျရင် ကျနော်တို့ က မဆိုင်လည်း မဆိုင်ဘူး၊ ကျနော်တို့က အရေးယူပိုင်ခွင့် မရှိဘူးလေ၊ ဆရာ၊ ဆရာမတွေ အုပ်ချုပ်တဲ့သူတွေက သူတို့ကို မလုပ်ပါနဲ့လို့တားတယ်၊ ဆရာ၊ ဆရာမတွေရဲ့ ပြောဆိုဆုံးမမှုတွေကို နားထောင်မှု မရှိဘူး၊ နောက်တစ် ခါ ငြိမ်းချမ်းစွာ စာသင်နေတဲ့ စာသင်ခန်းထဲဝင်ပြီး နှောင့်ယှက်တယ်၊ ကျနော်တို့က အဲ့ဒီ ကျောင်းစည်းကမ်းတွေ အရပဲ လောလောဆယ် သူတို့ကို ကျောင်းရပ်ဆိုင်းထားတယ်"

ရတနာပုံတက္ကသိုလ်က ဗကသ ဥက္ကဌ ကိုကျော်သီဟရဲကျော်ကတော့ အခုလိုမျိုး ကျောင်းထုတ်ခံရတာနဲ့ ပတ်သတ်ပြီး တစ်စုံတရာ တုန့်ပြန်မှု ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"လက်ရှိ ကျောင်းထုတ်ခံရတဲ့အပေါ်မှာ ကျနော်တို့က ကျောင်းရဲ့အလုပ်အပေါ် ဘာမှမှတ်ချက် မပေးလိုဘူး၊ ဘာလို့လဲဆိုတော့ ကျနော်တို့လုပ်ခဲ့တဲ့လုပ်ရပ်က ကျနော်တို့ ကောင်းဖို့အတွက်လည်း မဟုတ်ဘူး၊ ရတနာပုံ တစ်ကျောင်းတည်းအတွက် ကောင်းဖို့လည်း မဟုတ်ဘူး၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေအားလုံး ကောင်းကျိုးအတွက် ကျနော်တို့ တောင်းဆိုခဲ့တာဖြစ်တယ်၊ အဲဒီလို တောင်းဆိုခဲ့တဲ့လုပ်ရပ်အပေါ်မှာ ကျောင်းထုတ်ခံလိုက်ရတဲ့အတွက် ကျနော်တို့အနေနဲ့ ဘာမှတုန့်ပြန် သွားမှာ မဟုတ်သလို ဘာမှလည်း အဲဒီအပေါ်မှာ မှတ်ချက်မပေးနိုင်ဘူး"

ပညာရေးဘတ်ဂျတ် တိုးမြှင့်ပေးဖို့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ မန္တလေး ရတနာပုံ တက္ကသိုလ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့စပြီး ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီလို ဆန္ဒပြရာမှာပါဝင်တဲ့ ကျောင်းသား ၇၂ ယောက်ကို မနေ့ကအစောပိုင်းက ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး မိဘအုပ်ထိန်းသူတွေဆီကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

ကျောင်းသားတွေ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး တိုင်းတန်းသူမရှိသေးတဲ့အတွက် အရေးယူဖို့တော့မရှိဘူးလို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦး ကပြောပါတယ်။

ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အခြားတက္ကသိုလ်က ကျောင်းသားတွေကိုတော့ ကျောင်းထုတ်ပယ်တာ ရှိ မရှိ အတည်မပြုနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။