ကိုရဲမျိုးဆွေ ကို ဗကသ အဖွဲ့ဝင်အဖြစ်ကနေ ရာသက်ပန်ထုတ်ပယ်


2018.02.12
yemyoswe-622.jpg ကိုရဲမျိုးဆွေ ကို တွေ့ရစဉ်
Photo: Ye Myo Swe's facebook

ဗကသများ အဖွဲ့ချုပ် (ဗဟို) က ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ စည်းရုံးရေးမှူး ကိုရဲမျိုးဆွေ ကို အဖွဲ့ဝင် အဖြစ်ကနေ ရာသက်ပန် ထုတ်ပယ်ကြောင်း ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကိုရဲမျိုးဆွေဟာ ဗကသရဲ့ အတွင်းရေးတွေကို လူမှုကွန်ရက် ဖေ့စ်ဘွတ်မှာ ရေးသားသလို ဗကသ ဂိုဏ်းခွဲရေးကို လှုပ်ရှားတာတွေ ရှိတဲ့အတွက် ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ဗကသ (ဗဟို) အတွင်းရေးမှူး အဖွဲ့ဝင် ကိုသန့်ညီညီဝင်း က ပြောပါတယ်။

"ကိုရဲမျိုးဆွေကို ကျနော်တို့ ဗကသများ အဖွဲ့ချုပ်က ဂိုဏ်းခွဲထောင်တယ်၊ သစ္စာဖောက်တယ်ဆိုတဲ့ အချက်နဲ့ ထုတ်လိုက်တာခင်ဗျ"

ဒါ့အပြင် ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂကိုလည်း ဗကသများ အဖွဲ့ချုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

ကိုရဲမျိုးဆွေက လွဲပြီး ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေကိုတော့ လာမယ့် ဗကသများအဖွဲ့ချုပ် (ဗဟို) ညီလာခံမှာ အယူခံဝင်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကိုရဲမျိုးဆွေဟာ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့အတွက် ရတနာပုံ တက္ကသိုလ် ကျောင်းဝင်းအတွင်း သပိတ်စခန်း ဖွင့်ပြီး ဆန္ဒပြတောင်းဆိုမှုမှာ ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ပြန်လည်ရွေးကောက်ထားတဲ့ ဗကသများအဖွဲ့ချုပ် (ဗဟို) ရဲ့ တစ်နှစ်ခွဲ သက်တမ်းမှာ ပထမဆုံးအကြိမ် ဗကသ အဖွဲ့ဝင်တစ်ဦးကို ရာသက်ပန် ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

ထုတ်ပယ်ခံရတဲ့ ကိုရဲမျိုးဆွေကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။