မန္တလေး ကျောင်းသားတွေကို တတိယမြောက် တရားရုံးကလည်း ထောင်ဒဏ်ချ

ခေမဏီဝင်း
2020.10.09
mdy-students-court-622.jpg ရခိုင်နဲ့ ချင်းမှာ အင်တာနက်ရဖို့ တောင်းဆိုခဲ့တဲ့ ဗကသအဖွဲ့ဝင် ကျောင်းသားသုံးဦးကို ချမ်းအေးသာစံ မြို့နယ်တရားရုံးမှာ ၂၀၂၀ အောက်တိုဘာ ၉ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Khaymani Win‎/RFA

တပ်မတော်အလင်းဝင်ပါဆိုတဲ့ စာသားပါ စတေကာတွေကပ်ခဲ့တာနဲ့ ရခိုင်နဲ့ ချင်းမှာ တိုက်ပွဲတွေ ရပ်ဖို့၊ မြန်နှုန်းမြင့် အင်တာနက်ရဖို့ တောင်းဆိုခဲ့တဲ့ ဗကသအဖွဲ့ဝင် ကျောင်းသားသုံးဦးကို ချမ်းအေးသာစံ မြို့နယ်တရားရုံးက ဒီနေ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထောင်ဒဏ် (၁) နှစ်နဲ့ (၂) နှစ် အသီးသီး ချမှတ်လိုက်ပါတယ်။  

စက်တင်ဘာလ ၁၄ ရက်နေ့က မန္တလေးမြို့၊ ၂၆ လမ်း ၇၃လမ်းမှာ တပ်မတော်အလင်းဝင်ပါလို့ စတေကာတွေ ကပ်ခဲ့တဲ့ ဗကသ ကျောင်းသား ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပုဒ်မ ၅၀၅ (က) နဲ့ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခဲ့ပြီး အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ် တစ်ပေါင်းတည်း ချခဲ့တာပါ။

ဆောင်ရွက်ချက်တစ်ခုတည်းကနေ ဆွဲခံရတဲ့ ပုဒ်မတွေကိုတော့ တစ်ပေါင်းတည်းကျခံဖို့ ဆုံးဖြတ်တာလို့ ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်း ကပြောပါတယ်။

" ပြုလုပ်မှုတစ်ခုတည်းက ထွက်ပေါ်လာတဲ့အတွက် တရားရုံးက ပြစ်ဒဏ်တွေကို ထောင်ကျခံနေရဆဲ ထောင်ဒဏ်တွေကိုသွားပြီး ပူးပေါင်းပေးခွင့်ရှိတယ်။ ဒါက ဥပဒေပဲ "

ဒါ့အပြင် သူတို့နှစ်ဦးနဲ့ နောက်ထပ်ကျောင်းသား ကိုရဲရင့်အောင်တို့ သုံးဦးဟာ စက်တင်ဘာ ၂၅ ရက်နေ့မှာ ဈေးချိုတော်အနီး ရခိုင်အရေး ဆန္ဒထုတ်ဖော်ခဲ့လို့  နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ထပ်မံ တရားစွဲ ဆိုခံရပြီး အဲဒီအမှုအတွက် သုံးဦးလုံး ထောင်ဒဏ် တစ်နှစ် ထပ်မံချမှတ်ခံရပါတယ်။

ဒါကြောင့် ကျောင်းသား သုံးဦးထဲက ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင်က ထောင်ဒဏ် ၂ နှစ်နဲ့ ကိုရဲရင့်အောင်က ထောင်ဒဏ် ၁ နှစ် ကျခံရပါတယ်။

ထောင်ဒဏ်မှာ ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ရှိမှာပါ။

ကျောင်းသားတွေဟာ သူတို့ရဲ့ လုပ်ဆောင်မှုတွေက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင်လုပ်တာမဟုတ်လို့ သူတို့မှာ အပြစ်မရှိကြောင်း တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။

ဒီကနေ့ အမိန့်ချခံခဲ့ရတဲ့ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ အပတ်က အောင်မြေသာစံ မြို့နယ်တရားရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်ထားပြီး မဟာအောင်မြေ မြို့နယ်တရားရုံးကလည်း ထောင်ဒဏ် နှစ်နှစ်ချ မှတ်ထားသူတွေ ဖြစ်ပါတယ်။

သူတို့တွေဟာ ဖက်ဆစ် လူသတ်ဝါဒ ဆန့်ကျင်ကြ၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ တပ်မတော် အလင်းဝင်ပါ၊ တပ်မတော်ကြီးလည်း ချီလာပါပြီ၊ ပြည်သူများလည်း သေကုန်ပါပြီ ဆိုတဲ့စာသားတွေကို လှုပ်ရှားမှုပြုလုပ်ခဲ့တာ ဖြစ်ပြီး ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။