ရခိုင်နဲ့ချင်းမှာ အင်တာနက်ပြန်ဖွင့်ဖို့တောင်းဆိုတဲ့ လူငယ်နှစ်ဦး တစ်နှစ်ကျော်အဖမ်းခံရပြီး ငွေဒဏ်ကျ
ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အင်တာနက်လိုင်းပြန်ဖွင့်ပေးဖို့ တောင်းဆိုတာကြောင့် ဖမ်းဆီး တရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က လူငယ်နှစ်ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးက ဒီဇင်ဘာ ၃၀ ရက် ဒီနေ့မှာ ငွေဒဏ်ချလိုက်ပါတယ်။
ကိုနေစိုးခိုင်နဲ့ ကိုမင်းဇအောင်တို့ကို တစ်ဦးကို ငွေဒဏ် ၃၀၀၀၀ ကျပ်စီ ပေးဆောင်ဖို့ တရားရုံးက အမိန့်ချ လိုက်တာလို့ ကာယကံရှင်တွေက RFA ကို ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇွန်လက ရခိုင်နဲ့ ချင်း ပြည်နယ် ပလက်ဝမြို့နယ်မှာ အင်တာနက်လိုင်း အပိတ်ခံထားရတာ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ လှုပ်ရှားမှုပြုလုပ်ပြီး တောင်းဆိုခဲ့ကြတာကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ- ၁၉ နဲ့ ဖမ်းဆီးတရားစွဲ ခံခဲ့ရတာပါ။
အချိန် တစ်နှစ်ကျော်အထိ တရားရင်ဆိုင်ခဲ့ကြရတဲ့အတွက် နစ်နာမှုတွေ အများကြီးဖြစ်ခဲ့တယ်လို့ ကိုနေစိုးခိုင်က RFA ကို ပြောပါတယ်။
NLD အစိုးရလက်ထက်မှာပဲ အင်တာနက်လိုင်းဖွင့်ပေးဖို့နဲ့ စစ်တပ်နဲ့ အစိုးရကို အလိုမရှိကြောင်း ဆန္ဒပြ တောင်းဆိုလို့ဆိုပြီး အဖမ်းခံခဲ့ရတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လေးဦးကိုတော့ အခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လချမှတ်ခဲ့ပါတယ်။