ရခိုင်မှာ အပြစ်မရှိဘဲ ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ကျောင်းသားတွေ တောင်းဆို
ရခိုင်ပြည်နယ်မှာ မတရားဖမ်းဆီးတရားစွဲခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အမိန့်ချမယ့်အချိန်ကို ဆွဲမထားဖို့ ဖမ်းဆီးခံထားရတဲ့ ရက္ခိုင်ကျောင်းသားသမဂ္ဂက ကျောင်းသား လေးဦး အပါအဝင် အကြမ်းဖက် ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ အချုပ်သား ၁၀ ဦးကျော်က စစ်တွေမြို့နယ် တရားရုံးမှာ ဒီနေ့ မနက် ၁၀ နာရီကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
စစ်တွေအကျဉ်းထောင်ကနေ စစ်တွေမြို့နယ် တရားရုံးကို အချုပ်ကားနဲ့ ရုံးထုတ်လာစဉ်မှာ ကြွေးကြော် ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဲဒီအထဲမှာ လွန်ခဲ့တဲ့ အချိန် ကိုးလလောက်ကပင် ဖမ်းဆီးတရားစွဲဆိုခံခဲ့ထားရတဲ့ ရက္ခိုင်ပြည် ကျောင်းသား သမဂ္ဂက ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနဲ့ ကိုကောင်းထွန်းတို့ လေးဦးလည်း ပါဝင်ပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေမြို့မှာ အရပ်သား တစ်ရာလောက်နဲ့ အတူ ရခိုင်မှာ မြန်နှုန်းမြင့် 4G အင်တာနက်ဖွင့်ပေးဖို့နဲ့ စစ်တပ်နဲ့ အစိုးရကို ဝေဖန်ထောက်ပြတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး ဆန္ဒပြတောင်းဆိုခဲ့လို့ ဖမ်းဆီးတရားစွဲခံခဲ့ရတာပါ။
သူတို့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၉ တို့နဲ့ စစ်တွေမြို့နယ် ရဲမှူးဟောင်း ဇော်နိုင်နဲ့ ဘေးစီမံဌာန ဦးစီးအရာရှိ ဦးအောင်စံဝေတို့က တရားလို လုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကာလအတွင်း AA နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲခံထားရသူ ၂၀၂၀ ခုနှစ် သြဂုတ်လအထိ ၂၇၆ ဦးရှိတယ်လို့ ရခိုင်အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။