ပညာရေးဌာနထုတ်ပြန်ချက် ကျောင်းထုတ်ခံရသူတွေ လက်မခံ


2018.02.02
mdy-bakatha-students-622.jpg မန္တလေး ရတနာပုံတက္ကသိုလ်က ဗကသကျောင်းသားတွေကို တွေ့ရစဉ်
Photo: Ye Myo Swe Facebook

ပညာရေးဘတ်ဂျက်တိုးပေးဖို့ ဆန္ဒပြခဲ့တဲ့အတွက် ကျောင်းထုတ်ခံထားရတဲ့ ကျောင်းသားတွေအနေနဲ့ ဝန်ခံကတိနဲ့ အတူ မိဘတွေက ထောက်ခံတင်ပြရင် စာမေးပွဲဖြေဆိုခွင့်ပြုမယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ပေ မယ့် ကျောင်းသားအများစုက အဲဒီ ထုတ်ပြန်ချက်ကို လက်မခံဘဲ ကျောင်းလည်း ပြန်အပ်မှာမဟုတ်ဘူးလို့ ရတနာပုံ တက္ကသိုလ်က ကျောင်းထုတ်ခံထားရသူ ကိုရဲမျိုးဆွေ က ပြောပါတယ်။

ကျောင်းထုတ်ခံထားရတဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ဖို့အတွက်  အစိုးရဘက်က ကမ်းလှမ်းရမှာဖြစ် တယ်လို့ ကိုရဲမျိုးဆွေ ကပြောပါတယ်။

"တစ်ဦးချင်းကတော့ မဟုတ်ဘူးပေါ့ဗျာ၊ တချို့ကကျတော့ အိမ်ကမိဘက ဖိအားပေးတာတွေရှိတယ်ဗျာ၊ တချို့ကတော့ တက်ချင်တက်မှာပဲ၊ ကျနော်တို့က အနည်းဆုံး ဒီတစ်ပတ်ကို စောင့်ထားတယ်ဗျ၊ တစ်ပတ် အတွင်းမှာမှ ကျောင်းတက်တာလက်မခံရင် တစ်ပတ်တစ်ကြိမ်ကြည့်ရမယ်၊ တစ်ပတ်တော့ ကျနော်တို့ အနည်းဆုံးစောင့်ထားပါတယ်၊ တစ်ပတ်ကို ပြောထားတယ်၊ မေတ္တာရပ်ခံထားတယ်ဗျ၊ ကျနော်တို့ ဒီမှာအလုပ်သဘော ဆွေးနွေးနေတာရှိတယ်၊ ကျောင်းပြန်တက်ဖို့ကို အစိုးရက ကမ်းလှမ်းရမယ် နောက် ဒီကျောင်းထုတ်တဲ့ကိစ္စမှာ ဒီဟာကို တာဝန်ရှိတဲ့သူတွေ အရေးယူနိုင်မယ်ဆိုရင်တော့ ကျနော်တို့ ဒီမှာဆွေးနွေးထားတာတော့ရှိတယ်ဗျ"

ကျောင်းထုတ်ခံထားရတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဆင့်မြင့်ပညာဦးစီး ဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မိဘအုပ်ထိန်းသူတွေက ထောက်ခံချက်နဲ့ အသနားခံစာတင်မယ်ဆိုရင် လက်ရှိ ပညာသင်နှစ်မှာ စာမေးပွဲဖြေဆိုဖို့ ခွင့်ပြုသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒုတိယအကြိမ် အကျင့်စာရိတ္တပျက်ပြားမှုကို ထပ်မံကျူးလွန်မယ်ဆိုရင်တော့ ပညာသင်နှစ် ၁ နှစ်ရပ်နား မှာဖြစ်ကာ တတိယအကြိမ်ဆိုရင်တော့ နေ့သင်တန်း တက်ရောက်ခွင့်မပြုတော့ဘဲ အဝေးသင်သင်တန်းကိုသာ တက်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ ပါရှိပါတယ်။

ကျောင်းသားတွေဘက်ကတော့ အဲဒီထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း ပြောပါတယ်။

ပညာရေးဘတ်ဂျက်တိုးပေးဖို့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ဝင် ကျောင်းသား ၇၂ ယောက်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး သုံးရက်ကြာအောင် မန္တလေး ရတနာပုံတက္ကသိုလ်မှာ ဆန္ဒပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့အတွက် သက်ဆိုင်ရာကျောင်းတွေကနေ ကျောင်းထုတ်ခံထားရတဲ့ ကျောင်းသား ၅၆ ယောက် ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။