ကျောင်းသားတွေကို ကျောင်းထုတ်တာ သက်ဆိုင်ရာကျောင်းအဖွဲ့ရဲ့ လုပ်ဆောင်ချက်သာဖြစ်


2018.01.30
bakatha-students-mdy-622 ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဗကသကျောင်းသားတွေ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ က ဆန္ဒပြစဉ်
Photo: Khaymani Win/ RFA

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုကြောင့် ဒီနေ့အထိ ကျောင်းသား ကျောင်းသူ ၄၈ ဦး ကို ကျောင်းရပ်နားတာဟာ သက်ဆိုင်ရာကျောင်းအလိုက် စီမံခန့်ခွဲရေးအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်သာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်မင်း က ဒီနေ့ ပြောပါတယ်။

ဆန္ဒပြကျောင်းသားတွေကို ကျောင်းထုတ်တာတို့ ကျောင်းပြန်လက်ခံဖို့တို့ ဆိုတာတွေက သက်ဆိုင်ရာကျောင်းရဲ့ စီမံခန့်ခွဲမှုနဲ့သာဆိုင်ပြီး ပညာရေးဝန်ကြီးဌာနက သီးသန့်ညွှန်ကြားထားတာမရှိဘူးလို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်မင်း က ပြောပါတယ်။

"အဲဒီကျောင်းထုတ်တာကတော့ ကျောင်းတွေနဲ့ပဲ ဆိုင်တယ်၊ ရတနာပုံတက္ကသိုလ်က ကျောင်းသားကို ကျောင်းထုတ်ဖို့က ရတနာပုံ တက္ကသိုလ်ရဲ့ စီမံခန့်ခွဲရေးအဖွဲ့က ထုတ်တာ၊ ပြန်လက်ခံဖို့ဆိုရင်လည်း ရတနာပုံ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်လက်ခံရတာ၊ ကျနော်တို့ ရုံးအနေနဲ့ကတော့ ဘာမှမပြောဘူး၊ ကျနော်တို့ အဆင့်မြင့် ပညာဦးစီးဌာန အနေနဲ့ကတော့ ကျောင်းထုတ်ပါ ဘာညာ ညွှန်ကြားချက်တစ်ခုမှ ထွက်မထားပါဘူးခင်ဗျ"

ပညာရေးဝန်ကြီးဌာနမှာ ဘတ်ဂျက်လိုအပ်ချက်တွေရှိပေမယ့် တိုင်းပြည်ရဲ့ အခြေအနေအရ တဆင့်ချင်းသာ ဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း ဦးအောင်အောင်မင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၂ရက်နေ့က မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာကြောင့် ဒီနေ့အထိဆိုရင် ရတနာပုံ တက္ကသိုလ်က ၁၄ယောက်၊ ရမည်းသင်း နည်းပညာတက္ကသိုလ်က ၁၁ ယောက်၊ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်က ၆ယောက်၊  မိတ္ထီလာ နည်းပညာတက္ကသိုလ်က ၁ ယောက်၊ မိုးညှင်း ဒီဂရီကောလိပ် က ၄ ယောက်၊ ၊ စစ်ကိုင်း ပညာရေးက ၃ယောက်၊ မိတ္ထီလာ တက္ကသိုလ်က ၉ ယောက် စုစုပေါင်း အယောက် ၄၈ ယောက် ကျောင်းရပ်နားခံထားရပါတယ်။

ဆန္ဒပြကျောင်းသားတွေရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဇန်နဝါရီလ ၂၂ ရက်နေ့ ညမှာ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ပြေလည်မှု မရခဲ့ပါဘူး။

ကျောင်းထုတ်ခံရတဲ့အတွက် ကျောင်းသားလှုပ်ရှားမှုတွေ ထပ်မံဖြစ်ပေါ်လာရင်လည်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေ ဖြေရှင်းသွားမှာဖြစ်ပြီး လတ်တလောမှာ ကျောင်းထုတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့တော့ မရှိသေးဘူးလို့ ဦးအောင်အောင်မင်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။