အနည်းဆုံးလုပ်ခ ထုတ်ပြန်ပေးဖို့ အလုပ်သမားနေ့မှာ တောင်းဆို
2018.05.01

အနည်းဆုံး လုပ်ခလစာနှုန်းထား အမြန်ဆုံးထုတ်ပြန်ကြေညာပေးဖို့နဲ့ အလုပ်သမားရေးရာကိစ္စတွေကို အလေး ထားဆောင်ရွက်ဖို့အတွက် မန္တလေးမြို့က အလုပ်သမား ၇၀၀ ခန့်က မေလ ၁ရက်နေ့ ဒီနေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့ အထိမ်းအမှတ်နဲ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
အလုပ်သမားတွေ စားဝတ်နေရေး ခက်ခဲနေတဲ့အတွက် အမြန်ဆုံးသတ်မှတ်ပေးဖို့ မကြာခဏဆိုသလို ဆန္ဒပြတောင်းဆိုနေတာလို့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ၊ အလုပ်သမားသဂ္ဂများ အဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုမင်းသက်ထွေးက ပြောပါတယ်။
"နောက်ထပ် ဝန်ထမ်းတွေ လစာတိုးဖို့ရှိပါတယ်။ ဝန်ထမ်းတွေ လစာတိုးရင်လည်း ကုန်ဈေးနှုန်းက ထပ်တက်မှာ ပါ။ အဲတော့ ပိုက်ဆံကတော့ တိုးမပေးသေးဘူး ကုန်ဈေးနှုန်းက တက်တဲ့အခါမှာ ကျနော်တို့ အလုပ်သမားတွေမှာ ခက်ခဲမှုတွေက အရမ်းဖြစ်နေတဲ့အတွက်ကြောင့်မိုလို့ ကျနော်တို့က ဒါကို ထပ်ပြီးတော့ လုပ်ကိုလုပ်ရမယ်ဆို ထပ်ပြီးတော့ လုပ်ကိုလုပ်ရမှာပါပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့ အလုပ်သမားတွေက ဒီတိုင်းနေလို့ရှိရင် သေကို သေချာတယ်၊ ဒုက္ခရောက်ပြီး အကြွေးပတ်လည်ဝိုင်းပြီးတော့ ငတ်ကြရတော့မှာပါပဲ။ အမှန်အတိုင်းပြောရရင် အလုပ်သမားတွေ ဘဝမှာ အရမ်းခက်ခဲနေလို့ ဒါတွေကို ကျနော်တို့က ထပ်ခါ ထပ်ခါ ပြောနေရတာဖြစ်ပါတယ်"
အနည်းဆုံးလုပ်ခလစာကို အစိုးရက အမြန်ဆုံးသတ်မှတ်ထုတ်ပြန်ပေးဖို့၊ အလုပ်သမား အငြင်းပွားမှုတွေကို အမြန်ဆုံး ဖြေရှင်းပေးဖို့၊ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်ကထုတ်ပယ်နေတာတွေ ရပ်တန့်ပေးဖို့၊ အလုပ်သမားတရားရုံးတွေပေါ်ပေါက်ဖို့နဲ့ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုဥပဒေမှာ ထောင်ဒဏ် ထည့်သွင်းပေး ဖို့ တို့ကို တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံလမ်းကနေ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းအထိ လမ်းလျှောက် ခဲ့ကြတာဖြစ်ပါတယ်။
အလားတူ အလုပ်သမားနေ့အထိမ်းအမှတ်နဲ့ ရန်ကုန်မြို့မှာလည်း ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ကို မကြာမီထုတ်ပြန်နိုင်တော့မှာ ဖြစ်ကြောင်း ဒီနေ့ အလုပ်သမားနေ့အထိမ်းအမှတ် သဝဏ်လွှာမှာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ကလေး လုပ်သား ပပျောက်ရေးနဲ့ အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေးကိုလည်း ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါ တယ်။ အလုပ်သမားတွေရဲ့ ဘဝစိုပြည်သာယာရေးအတွက် ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားမယ် လို့လည်း ပြောပါတယ်။
အနည်းဆုံးလုပ်ခ တစ်ရက် ကျပ် ၄၈၀၀ သတ်မှတ်ဖို့ "အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားအဆင့် ကော်မတီ"က မတ်လ ၅ရက်နေ့က ဆုံးဖြတ်ထားပါတယ်။
အလုပ်သမားနေ့အခမ်းအနားတွေကို မြို့နယ်အတော်များများမှာ ကျင်းပသလို အလုပ်သမားအရေးကို အလေးထား ဖြေရှင်းဆောင်ရွက်ပေးဖို့လည်း ဆန္ဒပြတောင်းဆိုမှုတွေ ရှိပါတယ်။