ထိုင်းနိုင်ငံတဝှမ်းက မြန်မာ အလုပ်သမားတွေ ကမ္ဘာ့အလုပ်သမားနေ့ ကျင်းပ


2013.05.01
may-day-mae-sot-305.jpg ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မြူနီစီပယ်ဘောလုံးကွင်းမှာ မေလ ၁ ရက်နေ့ကကျင်းပတဲ့ ၁၂၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ကို ချီတက်လာတဲ့ မြန်မာအလုပ်သမားရေးများကို တွေ့ရစဉ်
photo: RFA/ Moe Kyaw

၁၂၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မြူနီစီပယ်ဘောလုံးကွင်း မှာ မြန်မာအလုပ်သမားရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေအပါအဝင် ထိုင်းအစိုးရတာဝန်ရှိ သူတွေ လုပ်ငန်းရှင်တွေနဲ့ ထိုင်းအလုပ်သမား ကာကွယ်ရေးဌာနတို့ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀၀ လောက် ပါဝင်ပြီး မဲဆောက်ရဲဌာနရုံးကြီးဝင်းကနေ အခမ်းအနားကျင်းပမယ့် မဲဆောက်မြို့နယ် မြူနီစီ ပယ်ဘောလုံးကွင်းရှိရာကို ချီတက်ခဲ့ကြပါတယ်။

ယခုနှစ်မှာ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဝင်ရောက်တဲ့အခြေအနေ ဟာ နှစ်နိုင်ငံသဘောတူညီမှု MOU ပုံစံအပါအဝင် အခြားနည်းလမ်းမျိုးစုံနဲ့ တိုးပွားလာတဲ့အတွက် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာတယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး မြှင့်တင်ရေး လုပ်ဆောင်မှုအဖွဲ့ MRPWG ရဲ့ ဦးဆောင်ကော်မတီဝင်ဖြစ်တဲ့ ကိုဗညားက အခုလို ပြောပါတယ်။

"မြန်မာအလုပ်သမားတွေ အရမ်းကိုများလာတယ်၊ အဲအချိန်မှာ အခြေခံအခွင့်အရေးတွေ တောင်းဆိုရာမှာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်၊ အလုပ်သမားတစ်ယောက်ပျက်တာနဲ့ နောက်တစ်ယောက်ကို သူတို့ကထပ်ခန့်တယ်၊ ဒီအလုပ်သမားတွေကို ယာယီအလုပ်သမားလောက်ပဲ ခန့်ပြီးတော့မှ အခြေခံအခွင့်အရေး တော်တော်များများကို လျစ်လျူရှုခြင်းခံရတယ်၊ ပြီးတာနဲ့ ဒီလိုပြန်ပို့ အသစ်အုပ်စုကို ပြန်ခေါ်ပြီးတော့ အဲလိုအလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်နိုင်တဲ့နည်းလမ်းတွေကို ကျနော်တို့တွေ့ရတယ်၊ အခုနောက်ပိုင်း ဝင်လာတဲ့ MOU အုပ်စုပဲပြောပြော၊ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေက ဆယ်ကျော်သက်တွေများတယ်၊ ကိုယ့်အမိမြန်မာနိုင်ငံမှာ ပြန်ပြီးတော့မှ စီးပွားရေးအရ၊ လူမှုရေးအရ ပြန်လည်ထူထောင်ဖို့အတွက် လူအင်အားတွေ အများကြီးလိုအပ်တယ်၊ ဒီအင်အားတွေဟာ မြန်မာနိုင်ငံမှာ ရှိသင့်သလောက်မရှိဘူး "

မဲဆောက်ဒေသတွင်း ဒီနှစ်ကျင်းပတဲ့ မေဒေးနေ့ အခမ်းအနားတွေကို ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ လွတ်လွတ်လပ်လပ် သွားလာတက်ရောက်ခွင့်ရှိပြီး၊ ထိုင်းရဲတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးပိတ်ပင်မှုတွေ မရှိသလောက်ဘဲလို့ အလုပ်သမားတွေက ပြောပါတယ်။

အလားတူ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွေကို ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၊ မြန်မာနိုင်ငံအလုပ်သမား သွေးစည်းညီညွှတ်ရေးအဖွဲ့ BLSO စတဲ့ အဖွဲ့အစည်းတွေက နေရာတွေခွဲပြီး ကျင်းပခဲ့ကြသလို တာ့ခ်ခရိုင် အလုပ်သမား ကာကွယ်ရေးရုံးက ကမကထပြုပြီး ဘန့်ဆောင်ခွဲအရပ်မှာလည်း ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နဲ့ ဖန်ငခရိုင်က မြန်မာအလုပ်သမားတွေ ပါဝင်ဆင်နွှဲခဲ့တဲ့ ကမ္ဘာ့အလုပ်သမားနေ့လှုပ်ရှားမှုတွေ အကြောင်းကိုတော့ RFA သတင်းထောက် ကိုအောင်မြတ်စိုးက သတင်းပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။