ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ မဲဆောက်မှာ မြန်မာ အလုပ်သမားတွေ မေဒေးနေ့ ဆန္ဒပြ


2014.05.01
immigrant-worker-protest-mayday-305 မေဒေးနေ့မှာ ချင်းမိုင်မြို့မှာ ရွေ့ပြောင်းအလုပ်သမားတွေ ဆန္ဒပြကြစဉ်
photo: Aung Moe Myint/RFA

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ် သမားနေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေကြ တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအဖွဲ့တွေ စုပေါင်းပြီး ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မြန်မာအလုပ်သမား ၂၀၀ ကျော်က တောင်းဆိုချက် ပိုစတာတွေ ကိုင်ဆောင်ပြီး ချင်းမိုင်ခရိုင်အုပ်ချူပ်ရေးမှူးရုံး ကို ချီတက်လှုပ်ရှားခဲ့တာနဲ့ ပတ်သက်လို့  ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့က အတွင်းရေးမှူး မနန်းအေးမွန်က အခုလို ပြောပါတယ်။

"ကျမတို့ ရွေ့ပြောင်းအလုပ်သမားတွေပေ့ါနော် အခွင့်အရေး အပြည့်အဝမရရှိတာတွေရော ကိုယ်လိုချင်တဲ့ အခွင့်အရေးတွေ သူ့ဥပဒေ သူ့ဘောင်အတွင်းထဲက အခွင့်အရေးကိုပဲ တောင်းဆိုတာပါရှင်၊ ကျမတို့မှာ အခုလက်ရှိ အလုပ်ဝင်လာပြီ ဆိုလို့ရှိရင် စာရွက်စာတမ်း အပြည့်အစုံပါရဲ့သားနဲ့ ကိုယ့်ဟာကို သူဌေးဆီမှာ ကိုယ်တိုင်သွားပြီးတော့ အလုပ်စပ်လို့မရပါဘူးရှင်၊ ကြားခံပွဲစားကနေ စပ်ပေးမှသာရတာပါ၊ တချို့ဆိုလို့ရှိရင် ဘတ် ၃ဝဝ ပေးခိုင်းတဲ့ အချိန်မှာ ဘတ် ၃ဝဝ မရရှိတာကတော့ အဆိုးဆုံးပေါ့နော်၊ ပြီးတော့ အချိန်ကန့်သတ်ချက်မရှိဘဲနဲ့ တချို့ဆို ၇ နာရီထိုးဝင်ရမယ်၊ ၅ နာရီထိုးမှ ထွက်ရမယ်ဆိုတာက ပိုဆိုးတာပေ့ါ"

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဒီကနေ့ လမ်းလျှောက်ချီတက်တောင်းဆိုပွဲကို အလုပ်သမား စည်းရုံးရေးအသင်း အဖွဲ့၊ ရွှေ့ပြောင်းအလုပ်သမားအသင်း၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်၊ စက်မှုနှင့် ယက်ကန်းစက်ရုံ အလုပ်သမားသမဂ္ဂ၊ အီလတ်ထရောနှစ်နှင့် လျှပ်စစ်ပစ္စည်း အလုပ်သမားသမဂ္ဂ၊ ကျောက်မျက်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂ၊ MAP ဖောင်ဒေးရှင်းအဖွဲ့တွေအပြင် မြန်မာနိုင်ငံထဲက ၈၈ မျိုးဆက်  ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း အလုပ်သမားရေးရာ အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားရေးရာ ဒုတိယ တာဝန်ခံ ဒေါ်မာမာဦးက မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက အလုပ်သမားအခွင့်အရေးတွေ ကွာခြားပုံနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"အစိုးရပိုင်းက အလုပ်သမားတွေကို ဖိနှိပ်တာ ကွာဟချက်ကတော့ သိပ်ပြီးကြီးကြီးမားမားမရှိဘူး၊ အတူတူဖိနှိပ်ခံ ရတာပဲ၊ ထိုင်းမှာဆိုလို့ရှိရင်လည်း ထိုင်းအလုပ်သမားတွေရော ရွေ့ပြောင်းအလုပ်သမားတွေရောကို ထိုင်းအစိုးရ က မလိမ့်တပတ်နဲ့ ဖိအားတွေ ပေးထားသလို ကျမတို့နိုင်ငံ အစိုးရအနေနဲ့ကလည်း ဒီကိစ္စတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘူးဆိုတာလည်း ကျမတို့တွေ့ရတယ်"

ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေး အပြည့်အဝရရှိရေး တောင်းဆိုချက် ၁၀ ချက်ကို ချင်းမိုင်ခရိုင်အုပ်ချူပ်ရေးမှူးကို ပေးအပ်ခဲ့ပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူးကနေတဆင့် ထိုင်းဝန်ကြီးချူပ် ရင်လပ်ရှင်နာဝပ် ထံပေးပို့သွားမယ်လို့လည်း သိရပါတယ်။

အလားတူပဲ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ ရွှေ့ပြောင်းအလုပ်သမားတွေ လမ်းလျှောက်ချီတက်လှုပ်ရှားမှုနဲ့ အခမ်းအနားတွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ရွှေ့ပြောင်းအလုပ်သမား (၅၀၀) လောက်ဟာ မဲဆောက်မြို့မှာ အလုပ်သမားအခွင့်အရေးဆိုင်ရာ စာတမ်းတွေ၊ မေဒေးနေ့ အမှတ်တရဆောင်ပုဒ်တွေရေးထားတဲ့ ဗွီနိုင်ပိုစတာတွေကိုင်ဆောင်ပြီး အလုပ်သမားအခွင့်အရေးရရှိရေး ဒို့အရေး စတဲ့ကြွေးကြော်သံတွေနဲ့အတူ လမ်းလျှောက်ချီတက် လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။

မေဒေးနေ့ အလုပ်သမားလမ်းလျှောက်ချီတက်ပွဲနဲ့ အခမ်းအနားလုပ်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရဲ့ ရုံးတာဝန်ခံ ကိုမျိုးဇော်က အခုလိုပြောပါတယ်။

"ဒီမေဒေးနေ့ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်က အလုပ်သမားတွေ သွေးမြေကျခဲ့ရတဲ့နေ့တစ်နေ့ဖြစ်တယ်၊ ကျနော်တို့အလုပ်သမားတွေအတွက် ၈ နာရီလုပ်၊ ၈ နာရီနား၊ ၈ နာရီအိပ်မယ်ဆိုတဲ့ ဆောင်ပုဒ်တွေထွက်လာတယ်၊ ကျနော်တို့ ရွေ့ပြောင်းအလုပ်သမားတွေမှာ တစ်နေ့ကို ၁၂ နာရီက ၁၆ နာရီအထိ လုပ်ရတယ်ပေါ့နော်၊ အလုပ်ပိတ်ရက်ဆိုတာကလည်း တစ်လလုံးမှာမှ လစာထုတ်ပြီး နောက်တစ်ရက်ပဲ ပိတ်ရက်ပေးတယ်ပေါ့၊ အဲလိုမျိုး အခြေအနေတွေရှိတယ်၊ ဒီကြားထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းမှုဆိုတာကလည်း လုံးဝမရှိပါဘူး၊ passport နဲ့ work permit နှစ်ခုစာကို စုစုပေါင်း ဘတ်လေးထောင်ငါးရာ၊ ငါးထောင်လောက်သာ ကုန်ကျရမယ့်နေရာမှာ ဘတ်တစ်သောင်းခွဲလောက်အထိ ကုန်ကျပြီးတော့ ပွဲစားတွေနဲ့ လုပ်နေရတယ်ပေ့ါနော်၊ အဲဒီပြဿနာတွေလည်းရှိတယ်၊ အခက်အခဲတွေ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အလုပ်သမားတွေအတွက် မေဒေးနေ့ဆိုတဲ့ အသိစိတ်ကိုရှိဖို့လိုတယ်၊ သိဖို့လည်းလိုတယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ ကျင်းပရခြင်းဖြစ်ပါတယ်"

ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ  အလုပ်ချိန် ၈နာရီအတွက် တစ်ရက်လုပ်အားခ ထိုင်းဘတ်ငွေ ၃၀၀ ပေးရမယ်လို့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက သတ်မှတ်ထားပေမဲ့ မဲဆောက်ဒေသတွင်း က ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ လုပ်အားခနစ်နာဆုံးရှုံးနေရတဲ့  အခြေအနေကို လမ်းလျောက် ချီတက်ရာမှာပါဝင်တဲ့ မြန်မာအလုပ်သမတစ်ဦးက ပြောပါတယ်။

အလားတူ မေဒေးနေ့ လမ်းလျှောက်ချီတက်ပွဲနဲ့ အခမ်းအနားပျော်ပွဲရွှင်ပွဲတွေကို ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး မြှင့်တင်မှုအလုပ်အဖွဲ့၊ နိုင်ငံတကာအန်ဂျီအိုတွေနဲ့ ထိုင်းလုပ်ငန်းရှင်များ အသင်းတို့က ကမကထပြုပြီး မဲဆောက်မြို့ စည်ပင်သာယာရေးဝင်းအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။