မေဒေးနေ့မှာ အလုပ်သမား အခွင့်အရေးတွေ ဆန္ဒပြတောင်းဆို


2014.05.01
labour-protest-305 မေလ ၁ ရက်(မေဒေး)နေ့ ဆူးလေဘုရားအနီးမှာ မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂများကွန်ရက်က ဦးဆောင် ပြီး အလုပ်သမား အခွင့်အရေးတွေကို တောင်းဆိုဆန္ဒပြစဉ်
photo: Sann Maw Aung/RFA

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက်ကဦးစီးပြီး ထောင်ဂဏန်းရှိတဲ့ အလုပ် သမားတွေဟာ အလုပ်သမားအခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် ရန်ကုန်မြို့ ဆူးလေဘုရားအနီးတဝိုက် မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

တစ်နေ့ အလုပ်ချိန် ၈ နာရီအတွက် လုပ်ခ ကျပ် ၅၆၀၀ ရရှိဖို့၊ အလုပ်သမားတွေ အလုပ်ထုတ်ခံနေရတာတွေ ရပ်ဆိုင်းဖို့နဲ့ လခစားအလုပ်သမားတွေအဖြစ် သတ်မှတ်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုကြ တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက် နိုင်ငံရေးအကြံပေး ကိုနန္ဒာစစ်အောင် က ပြောပါတယ်။

"အခြေခံလုပ်ခကြေးငွေဟာ အလုပ်သမားတွေရဲ့ အဓိကအသက်သွေးကြောဖြစ်ပါတယ်၊ နေ့စား အလုပ်သမားတွေကို လခအလုပ်သမားတွေ အဖြစ် ပြောင်းလဲသတ်မှတ်ရေးဟာလည်း ဒုတိယ အသက်သွေးကြောဖြစ်ပါတယ်၊ နိုင်ငံတကာ အလုပ်သမားတွေဟာ လခအလုပ်သမားတွေ အများစုဖြစ်ပါတယ်၊ လခအလုပ်သမားတွေဟာ ခံစားခွင့်ရရှိကြပါတယ်၊ ဗမာပြည်မှာတော့ လခအလုပ်သမားလို့ ထင်ရပေမယ့် နေ့စား လရှင်းတွေဖြစ်နေကြပါတယ်၊ တနင်္ဂနွေလေးရက်ဟာ နားရက်မဟုတ်ဘဲနဲ့ အလုပ်သမားတွေဘက်က တစ်ဖက်သတ် ကိုယ့်ပိုက်ဆံတစ်ပြားမှ မယူဘဲပိတ်တဲ့ နားရက်ဖြစ်နေပါတယ်၊ နောက်တစ်ခု တတိယအချက်က အလုပ်လုပ်ခိုင်းတဲ့ကိစ္စပါ၊ ညှိနှိုင်းရင်ပဲအဖြစ်ဖြစ်၊ အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုရင်ပဲဖြစ်ဖြစ် အလုပ်သမားခေါင်းဆောင်တွေဟာ စာချုပ်လက်မှတ်ရေးထိုးတဲ့အခါမှာ တစုံတရာ အလုပ်လုပ်ချင်းမရှိပါဘူးလို့ အာမခံပေမဲ့လည်း အလုပ်လုပ်ခြင်းခံနေရပါတယ်"

ဒါ့အပြင် ဆန္ဒပြအလုပ်သမားတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆၊ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ) နဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ပြဌာန်းချက်တွေကို ပြင်ဆင်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် FTUM က ဦးဆောင်ပြီး လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာ ဘောလုံးကွင်းမှာ ကျင်းပခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားကို အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင် တက်ရောက်ပြီး အလုပ်သမား အခွင့်အရေးတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စံနှုန်းတွေအတိုင်းခံစားနိုင်ဖို့ ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။

"အလုပ်သမားများအနေနဲ့ အလုပ်သမား အခွင့်အရေးများ၊ အကာအကွယ်ပေးမှုများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာစံများနှင့် ရရှိခံစားစေဖို့အတွက် တည်ဆဲဥပဒေများ ယနေ့ညွှန်ကြားချက်များကို အဆိုပါစံသတ်မှတ်ချက်များနှင့် ကိုက်ညီတဲ့ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်၊ ရေးဆွဲသင့်တာတွေကို ရေးဆွဲ၊ ပယ်ဖျက်သင့်တာတွေကို ပယ်ဖျက်ပြီး ဆောင်ရွက်လျှက်ရှိပါတယ်"

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ရန်ကုန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က ဆက်သွယ် ရေးအရာရှိ Mr. Steve Marshall၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ နဲ့ လှိုင်သာယာ၊ ရွှေပြည်သာစက်မှု ဇုန်တွေက အလုပ်သမား ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီအတောအတွင်း မန္တလေးမြို့မှာလည်း ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ အလုပ်ပိတ်မပေးတာကြောင့် စက်ရုံအလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်က စိန်ငွေမြ CP ကြက်သားပေါက်စက်ရုံက အလုပ်သမား ၄၀ နီးပါးက စက်ရုံဝင်းအတွင်းမှာ အလုပ်မလုပ်ပဲ ဆန္ဒပြခဲ့ကြတာလို့ ဆန္ဒပြရာမှာပါဝင်တဲ့ စက်ရုံအလုပ်သမတစ်ဦးက ပြောပါတယ်။ ဆန္ဒပြအလုပ်သမားတွေဟာ ကုန်ဈေးနှုန်းတွေ မြင့်မားနေတဲ့အတွက် လုပ်ခလစာ တိုးမြှင့်ပေးဖို့၊ အစိုးရရုံးပိတ်ရက်တွေအတိုင်း အလုပ်ပိတ်ပေးဖို့၊ ပိတ်ရက်တွေအတွက်လည်း လစာအပြည့်အဝပေးဖို့၊ အလုပ်သမားတွေကို တရားဝင်လခစား အလုပ်သမားတွေအဖြစ် သတ်မှတ်ပေးဖို့နဲ့ အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးဖို့ စတဲ့အချက်တွေကို ဒီနေ့ တောင်းဆိုကြပါတယ်။ ဒါ့အပြင် စက်ရုံက အလုပ်သမားတွေ ဖွဲ့စည်းထားတဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို အလုပ်ရှင်ဘက်က အသိအမှတ်ပြုပေးဖို့ကိုလည်း  တောင်းဆိုခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားတွေကို မြို့နယ်အနှံ့မှာကျင်းပခဲ့ပြီး အလုပ်သမား အခွင့်အရေးအတွက် ရန်ကုန်မြို့မှာ စုပေါင်းဆန္ဒပြကြတဲ့အကြောင်း RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားပါတယ်။

အလုပ်သမား အဖွဲ့အစည်းတွေ ဖိနှိပ်တိုက်ခိုက်ခံရမှု အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ ချုပ်  အထွေထွေအတွင်းရေးမှူး ဦးနော်အောင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနက ဒုတိယ ပြည်ထောင်စုဝန်ကြီး ဦးထင်အောင်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။