ကမ္ဘာ့အလုပ်သမားနေ့ မန္တလေးမြို့မှာ ဆန္ဒပြ
2013.05.01

ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံက အလုပ်သမားတွေကို အလုပ်ပိတ်ရက်မပေးဘဲ အချိန်ပိုဆင်းခိုင်းတဲ့အတွက် အဲဒီစက်ရုံက အလုပ်သမားတွေနဲ့ အခြေခံအလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ ပူးပေါင်းထားတဲ့ အလုပ်သမား ၁၀၀ ကျော်လောက် ဆန္ဒပြခဲ့ကြပါတယ်။
တရုတ်နိုင်ငံသား အလုပ်ရှင် ဦးစိုင်းပန်းစိန် ပိုင်ဆိုင်တဲ့ အဲ့ဒီစက်ရုံဝင်းထဲမှာ အလုပ်သမားတွေက အလုပ်ပိတ်ရက်ပေးဖို့ အခုလိုကြွေးကြော်တောင်းဆို ဆန္ဒပြကြတာပါ။
"ဒီနေ့ဘာနေ့လဲ ကမ္ဘာ့အလုပ်သမားနေ့၊ ဒီနေ့ဘာနေ့လဲ ကမ္ဘာ့အလုပ်သမားနေ့၊ ဘယ်အချိန်လုပ်မလဲ ဂ နာရီလုပ်မယ်"
မန္တလေးနဲ့၊ ရန်ကုန်မြို့က စက်ရုံတွေအားလုံး ဒီနေ့အလုပ်နားရက် သတ်မှတ်ပေးခဲ့ပေမယ့် ဒီစက်ရုံကတော့ အလုပ်ဆင်းခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ဒီကနေ့ဆန္ဒပြပွဲ ပြုလုပ်ရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး အလုပ်သမားခေါင်းဆောင် ကိုသန်းအောင်က RFAကို အခုလိုပြောပါတယ်။
"အလုပ်သမားနေ့ကို အလုပ်မပိတ်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ အလုပ်သမားတွေက ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေပါတယ်၊ နောက်တစ်ချက်ကတော့ မေဒေးနေ့ အပါအဝင်ပေါ့၊ နိုင်ငံတော်ပိတ်ရက်များအားလည်း အလုပ်ပိတ်ပေးရန်၊ ကျနော်တို့အခုတောင်းဆိုတာက ငါးချက်တောင်းဆိုထားပါတယ်၊ ကျနော်တို့အလုပ်သမားတွေကို တစ်နှစ်စာချုပ်ချုပ်ထားတယ်၊ တစ်နှစ်ပြည့်ရင် သူတို့မကြိုက်တဲ့လူကို ထုတ်မယ်ပေါ့၊ "
ဒါ့အပြင် ပြည်ကြီးတံခွန်မြို့နယ် အလုပ်သမားပဋိပက္ခ ဖြေရှင်းရေးအဖွဲ့က ပြီးခဲ့တဲ့နှစ်ဇွန်လအတွင်း ဆန္ဒပြစဉ်က ညှိနှိုင်းချုပ်ဆိုထားတဲ့စာချုပ်ကို အလုပ်ရှင်ဘက်က ဖောက်ဖျက်ခဲ့တာကြောင့်လည်း အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အများပြည်သူ ရုံးပိတ်ရက်တွေကို အလုပ်ပိတ်ပေးဖို့၊ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လက ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်တွေကို အလုပ်ရှင်ဘက်က ဆောင်ရွက်မပေးတာကို သက်ဆိုင်ရာက အရေးယူပေးဖို့၊ အလုပ်သမားတွေကို တစ်နှစ်သက်တမ်း စာချုပ်ချုပ်ထားတာကို ပယ်ဖျက်ပေးဖို့၊ ခွင့်ရက်တွေကို ပြက္ခဒိန်နှစ်အတိုင်း သတ်မှတ်ပေးဖို့၊ ဝန်ခံကတိတွေ အတင်းအကျပ် လက်မှတ်ထိုးခိုင်းတာကို ပယ်ဖျက်ပေးဖို့စတဲ့ အချက် ၅ ချက်ကို ဒီကနေ့ဆန္ဒပြပွဲမှာ အလုပ်သမားတွေဘက်က အဓိကတောင်းဆိုခဲ့ကြပါတယ်။
မနက် ၇ နာရီကတည်းကစတင်တဲ့ အဲဒီဆန္ဒပြပွဲမှာ ပြည်ကြီးတံခွန် အုပ်ချုပ်ရေးမှူး၊ တိုင်းအလုပ်သမား ဦးစီးဌာန၊ မြို့နယ်အလုပ်သမားပဋိပက္ခ ဖြန်ဖြေရေးအဖွဲ့တွေက လာရောက်ညှိနှိုင်းဖြေရှင်းခဲ့ကြပါတယ်။ အလုပ်ရှင်နဲ့ ၅ နာရီကြာ ညှိနှိုင်းခဲ့ပြီးနောက် ညနေ ၆ နာရီမှာ အလုပ်သမားတွေ တောင်းဆိုတဲ့အချက်တွေကို လိုက်လျောပေးခဲ့ပြီး အလုပ်ရှင်နဲ့ အလုပ်သမားကြား သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ အဲဒီစက်ရုံက အလုပ်သမား ကိုယ်စားလှယ် ကိုရွှေလဝင်းကို RFA သတင်းထောက် မအိအိခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။