သမိုင်းမှာ ပေါက်ကွဲမှုဖြစ်၊ စစ်ကောင်စီတပ် ရပ်ကွက်တွေထဲ သေနတ်တွေနဲ့ ပစ်ခတ်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သမိုင်း (၁) ရပ်ကွက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ လဝက ရုံးအနီးမှာ ဇွန် ၂၇ ရက်၊ ဒီနေ့ နေ့လယ်က ပေါက်ကွဲမှုကြီး နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးတဲ့နောက် သေနတ်ပစ်ခတ်သံ တွေ ဆက်တိုက်ကြားလိုက်ရတယ်လို့ သမိုင်းမြို့ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီကနေ့ နေ့လယ် ၂ နာရီခွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေရာယူထားတဲ့ လဝက ရုံးအနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲဝင်တွေက ရပ်ကွက်ထဲကို သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူအချို့က ဆိုပါတယ်။
"၂ နာရီခွဲလောက်က ပေါက်ကွဲသံတစ်ချက် ကြားလိုက်တယ်။ နောက် ၁၀ မိနစ် လောက်နေတော့ နောက်တစ်ချက် ကြားပြီးတာနဲ့ ဆက်တိုက် သေနတ်သံကြားတယ်။ သေနတ်သံ ၁၀ ချက်ကျော်လောက် ရှိတယ်။"
ဘယ်သူတွေက လာရောက်ဖောက်ခွဲတယ်ဆိုတာ မသိရသေးသလို ပေါက်ကွဲမှုဖြစ်ပွားလို့ သေနတ်တွေနဲ့ ပစ်ခတ်လို့ လူတွေထိခိုက်သေဆုံးတာ ရှိ၊ မရှိကိုလည်း မသိရသေးပါဘူး။
လက်ရှိမှာ ပစ်ခတ်သံတွေ ငြိမ်နေပြီး ရပ်ကွက်ထဲက လမ်းတွေမှာ လမ်းသွား၊ လမ်းလာ မရှိသလောက် တိတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အဲဒီ လဝက ရုံးအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူထားတာ သုံးလခန့် ရှိနေပြီဖြစ်ပြီး လမ်းသွား၊ လမ်းလာတွေကို မသင်္ကာရင် မကြာခဏ စစ်ဆေးတာ တွေ လုပ်နေကျဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
သာကေတမြို့နယ် (၁၀) ရပ်ကွက်က လျှပ်စစ်ဓာတ်အားပေး စက်ရုံအနီးမှာလည်း ဒီနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောပါတယ်။