မော်လမြိုင်ရပ်ကျေးကော်မရှင်အဖွဲ့ဝင် ဘက်လိုက်တယ်လို့ စွပ်စွဲခံရ

မင်းခိုင်စိုးလင်း
2020.11.05

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က မန္တလေးရပ်ကွက်မှာ နိုဝင်ဘာလ ၃ ရက်နေ့က အသက် ၆၀ နှစ် အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲထည့်ရာမှာ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပါတီတစ်ခုကို လက်ညှိုးထိုးပြပြီး ရွေးချယ်ခိုင်းနေတယ်လို့ ကိုယ်စားလှယ်လောင်းတွေက စွပ်စွဲပါတယ်။ ကော်မရှင်ကတော့ နားလည်မှုလွဲတာလို့ ပြောပါတယ်။

မော်လမြိုင်မြို့ မန္တလေးရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ မော်လမြိုင် မြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတချို့က ကန့်ကွက်နေတာပါ။

အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်တွေဆီကနေ ကြိုတင်မဲကောက်ယူတဲ့အခါ ပါတီတစ်ခုကို လက်နဲ့ညွှန်ပြပြီး မဲပေးခိုင်းတဲ့လုပ်ရပ်ဟာ တရားမဝင်လုပ်ရပ်လို့ မွန်ညီညွတ်ရေးပါတီမှ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နိုင်ဝဏ္ဏစိုးက ဝေဖန်ပါတယ်။

“မဲပေးမယ့်အရာကို သင်ပေးမယ့်အချိန်မဟုတ်ဘူး။ ဘယ်နေရာမှာထုပါ၊ ဘယ်နေရာမှာ လုပ်ပါ။ ဘယ်နေရာမှာ မလုပ်ပါနဲ့ သင်ရမယ့်အချိန် မဟုတ်ဘူး။ ဒီနေရာက မဲပေးရမယ့်အချိန်ပါ။ ဒါက သူပေးတာ မှားရင် ပယ်မဲဖြစ်ပါတယ်။ ဒီလိုသဘောပေါ့နော်၊ ပယ်မဲမဖြစ်အောင် ဒီလိုပေးရမယ် ဆိုပြီးတော့ ပြပေးရမယ့် ကာလ မဟုတ်ဘူး။ မဲပေးရမယ့်ကာလ ဖြစ်ပါတယ်။ မဲပေးတဲ့ကာလမှာ ကော်မရှင်အနေနဲ့ အဲဒီလိုပြပြီးတော့ ဒီနေရာထုပါ၊ ဒီနေမလွဲပါနဲ့ ဒီနေရာမဖြစ်ရပါဘူး ပုံစံမျိုးကတော့ ဒါက တရားမဝင်ဘူးလို့ပဲ ကျွန်တော် ယူဆပါတယ်”

အဲဒီကော်မရှင်အဖွဲ့ဝင်တစ်ဦးက လက်နဲ့ ထောက်ပြပြီး မဲပေးခိုင်းတဲ့ ရုပ်သံဖိုင်က အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်ကလည်း ကော်မရှင်အဖွဲ့ဝင်ရဲ့ လုပ်ရပ်ဟာ မဲမသမာမှု မြောက်တယ်လို့ ထောက်ပြပါတယ်။

“ဒါကတော့ မသမာမှုပဲလေ၊ မသမာမှုပဲဆိုတာက ကော်မရှင်ဆိုတာက တရားသူကြီးလို နေရမယ်လေ၊ ဘယ်ဘက်မှမပါပဲ နေရမယ်၊ နောက်တစ်ခါ လိုက်တဲ့ဆရာ၊ ဆရာမတွေဆိုတာလည်း သူတို့က ဝန်ထမ်း ဖြစ်တဲ့အတွက် မဲရုံမှူးတွေလေ၊ သူတို့ကလည်း သမာဓိရှိတဲ့သူလို့ မြင်ရတယ်၊ ဒီလိုမျိုးကော်မရှင်က ဝင်ရောက်စွက်ဖက်ရင်လည်း သူတို့က တားဆီးပိုင်ခွင့်ရှိရမယ်၊ အခုက တားလည်းမတားဘူး၊ သူတို့ကလည်း ငုတ်တုတ်ထိုင်ကြည့်နေတယ်၊ အဲဒီအတွက်ကြောင့်မို့လို့ ဒီလိုမျိုးသာ ဆက်လုပ်နေရင် တခြားနေရာတွေလည်း ဆက်လုပ်နေမယ်ဆိုရင် မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ယူဆတယ်လေ”

မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌ ဦးဌေးလွင်က ကော်မရှင်အဖွဲ့ဝင်တစ်ဦး လုပ်ရပ်နဲ့ ပတ်သက်လို့ ကိုယ်စားလှယ်လောင်းတွေ စွပ်စွဲချက်ဟာ အထင်မှားခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော် အခုခေါ်ပြီးတော့ ကြက်တန်းမန္တလေး စာရေးကို ကျွန်တော်မေးလိုက်ပြီ။ သူက လက်ထောက်ပြီး ပြတာမဟုတ်ဘူး၊ သူကကော်မရှင် အဖွဲ့ဝင်တစ်ယောက် အနေနဲ့ မဲစာအုပ်ကိုဖြတ်ပေးတဲ့ သဘောလောက်ပဲ ပြောတယ်၊ ဒါထည့်ပါ ဒါထည့်ပါ ဆိုတာ သူပြောတာ မဟုတ်ပါဘူးတဲ့ ပြောတယ်၊ လက်ထောက်တယ်ဆိုတာ သူတို့က ထင်ယောင်ထင်မှား ပြောတာပေါ့၊ အခုက သူကော်မရှင် တစ်ယောက်အနေနဲ့ မဲစာအုပ် ဖွင့်လိုက်မယ် ဗျာ၊ ဖွင့်တာတော့ သူအနေနဲ့ လုပ်ပိုင်ခွင့်ရှိတယ်လေ၊ ဘေးကနေတဲ့ တစ်ယောက် အနေနဲ့တော့ ဒီလိုမျိုးမြင်တဲ့သဘော ဖြစ်တာပေါ့လေ”

မဲစာရွက်အပေါ် လက်ထောက်ပြခဲ့တယ် ဆိုပြီး စွပ်စွဲခံထားရတဲ့ ကော်မရှင်အဖွဲ့ဝင်ကို ဘာတာဝန်မှ ဆက်မပေးတော့ဘဲ စစ်ဆေးနေတယ်၊ စစ်ဆေးတွေ့ရှိချက်တွေကို ခရိုင်ကော်မရှင်ထံ ဆက်လက် တင်ပြသွားမယ်လို့   ဦးဌေးလွင် က ပြောပါတယ်။

မော်လမြိုင်မြို့နယ်မှာ  ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ နှစ်သိန်းလေးသောင်းနီးပါးရှိပြီး အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်တွေရဲ့ ကြိုတင်မဲတွေကို အိမ်တိုင်ယာရောက် ကောက်ယူနေတာဖြစ်ပါတယ်။

ကြိုတင်မဲကောက်ယူနေတဲ့ကာလအတွင်း မဲမသမာမှုတွေ၊ တံဆိပ်တုံးအတုပြဿနာတွေ၊ ကြိုတင်မဲပုံး ကြိုးပြတ် နေတာတွေ၊ ကြိုတင်မဲစာအိတ် ပွင့်နေတာတွေစတဲ့ ပြဿနာပေါင်းစုံကြောင့်  ရွေးကောက်ပွဲကော်မရှင် ဝေဖန် ခံနေရပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။