ပဋိပက္ခကို တိုင်ပင်ညှိနှိုင်းဖြေရှင်းဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း


2015.06.25
umgmgohn-press-ygn.jpg ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို မြင်ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်မှာ နှစ်ဖက်လူ့အဖွဲ့အစည်းအကြား ပဋိပက္ခဆိုတာ ရှိနေဦးမှာဖြစ်တဲ့အတွက် နှစ်ဖက်တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ဖြေရှင်းတဲ့နည်းလမ်းနဲ့သာ သွားကြဖို့လိုအပ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ နောက်ဆုံးနှစ်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက တိုက်တွန်းပြောခဲ့တာဖြစ်ပါတယ်။

"ပြဿနာဖြစ်လာရင် အရာအရာကို ပူးပေါင်းဖြေရှင်းအဖြေရှာ ညှိနှိုင်းဖော်ထုတ်ခြင်းဖြင့်သာသွားတဲ့နည်းလမ်း ယဉ်ကျေးမှုပါ၊ ဒီနေ့ ရခိုင်မှာပြဿနာတွေက အရင်တုန်းကလည်း ဖြစ်ခဲ့တယ်၊ အခုလည်းဖြစ်နေဦးမှာပဲ နောင် လည်းဖြစ်နေဦးမှာပဲ ဒီဘင်္ဂါလီတွေရှိသမျှဖြစ်နေဦးမှာပဲ၊ ဖြစ်လာတဲ့ပြဿနာအားလုံးကို အစစအရာရာမှာ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းပူးပေါင်းအဖြေရှာ ဖော်ထုတ်ခြင်းဖြင့်သာ အနာဂတ်ကိုသွားသင့်တယ်"

ရခိုင်အရေးကိစ္စဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မှတ်တမ်းဝင်နေတာကြောင့် အစိုးရအနေနဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ သတိထားနေရတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စဟာ တိုင်းရင်းသား လက်နက်ကိုင် ပြဿနာတွေထက် ပိုအရေးကြီးပြီး သူ့အနေနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ရှုပ်ထွေးတဲ့ အခြေအနေကနေ အကောင်းဘက်လမ်းကြောင်းပေါ် ရောက်အောင်လုပ်နိုင်ခဲ့ပြီလို့ ယုံကြည်ကြောင်း လည်း ပြောပါတယ်။

လှေစီးဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ပြောဆိုနေချိန်မှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားတွေပါဝင်တဲ့ လှေစီးဒုက္ခသည်တွေကို ကယ်တင်နိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။