မောင်တောမြို့မှာ ဗုံးခွဲ တိုက်ခိုက်မယ်ဆိုတဲ့ သတင်းထွက်ပေါ်

ရခိုင်ပြည်နယ် မောင်တောမြို့မှာ မနေ့ မနက်ပိုင်းက အကြမ်းဖက်သမားတွေ ဗုံးခွဲ တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတယ်လို့ သိရပါတယ်။

2012.08.08

မောင်တောမြို့မှာ နောက်ဆုံး ဖြစ်ပေါ်နေတဲ့ အခြေအနေကို မြို့ခံတစ်ဦးဖြစ်တဲ့ ကိုရွှေမောင်သိန်းက RFA ကိုအခုလို ပြောပါတယ်။

"မနေ့ကတော့ ဈေးဆိုင်တွေ ဘာတွေလည်း မဖွင့်ထားတော့ဘူး။ ဗုံးခွဲမယ် ကြားလို့ လူတွေက မရောင်းတော့ဘူး။ ဒီနေ့ကကျတော့ များတယ်။ လုံခြုံရေးကတော့။ စိုးရိမ်မှုတွေကတော့ ဖြစ်ပေါ်နေကြပါတယ်။ လူတွေက ကြောက်လန့် နေကြတယ်"

ဒါ့ပြင် မွန်းလွဲ (၁) နာရီ လောက်က ရခိုင်ပြည်နယ် မြောက်ဦးမြို့ရဲ့ အရှေ့ဘက် ၆ မိုင်ခန့် အကွာမှာရှိတဲ့ ပရိန်ကျေးရွာမှာ ရခိုင်နဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအကြား နှစ်ဖက်တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီး တိုက်ခိုက်မှု ဖြစ်ပွားမယ့် အနေအထားမျိုးအထိ ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လုံခြုံရေးတပ်တွေက အချိန်မီ ထိန်းသိမ်းထားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်နိုင်ဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့ကို အဆိုပြု တင်ပြထားတယ်လို့ ရခိုင်ပြည်နယ် ဆက်သွယ်ရေး မန်နေဂျာ ဦးမျိုးသန့်က RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။