မအူပင်နဲ့ ဝါးခယ်မမှာ လူငယ် ဆယ်ဦးထက်မနည်း ဖမ်းဆီးခံရ
2024.12.31

ဧရာ၀တီတိုင်း မအူပင်နဲ့ ဝါးခယ်မမြို့တွေမှာ ဒီရက်ပိုင်း လူငယ်ဆယ်ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြောပါတယ်။
ဝါးခယ်မမြို့နယ်မှာ ဒေသခံ လူငယ်လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဝါးခယ်မမြို့က အသက် ၂၀ ကျော်အရွယ် မခိုင်ဇာလွင်နဲ့ ရွှေလောင်းကျေးရွာအုပ်စုက အသက် ၂၀ ကနေ ၃၀ ကြား အရွယ်တွေဖြစ်တဲ့ အမျိုးသားသုံးဦးတို့ ဖမ်းဆီးခံရတာပါ။
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်း ဘူတာရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ပစ်ခတ် တိုက်ခိုက်မှု လုပ်ခဲ့တဲ့ Freeland Attack Force (FLA) အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရန်ကုန်က အရင်မိတော့ အဲဒီကနေ ကွင်းဆက်လိုက်တယ် ပြောတယ်။ အဲဒီကနေမိပြီးတော့ ကွင်းဆက် လိုက်ပြီးတော့မှ ဝါးခယ်မမြို့ပေါ်က မိန်းကလေး တစ်ယောက်ရယ်။ ရွှေလောင်းက သုံးယောက် အဖမ်းခံရတာ။ ဝါးခယ်မကို နယ်ကျော်ဖမ်းတာထင်တယ်။ ဝါးခယ်မ ရဲဖမ်းတာ မဟုတ်ဘူး။ အခု ရန်ကုန်ခေါ်တယ်ပြောတယ်”
ဖမ်းဆီးခံရသူတွေကို ရန်ကုန်မြို့က စစ်ကြောရေးစခန်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် နောက်ဆက်တွဲ အခြေအနေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။
မအူပင်မြို့မှာတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့က အမှတ် ၁၂ ရပ်ကွက်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ လူငယ် ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအပြင် အမှတ် ၂ ရပ်ကွက်နဲ့ အမှတ် ၅ ရက်ကွက်က လူငယ်တချို့လည်း ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။
မအူပင်မြို့မှာ ညအချိန် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ရပ်ကွက်တွေကို လုံခြုံရေးကင်းလှည့် နေပြီး သူတို့နဲ့တွေ့တဲ့ လူငယ်တွေကို ဖမ်းဆီးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မအူပင်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“မအူပင်မြို့မှာ ည ခုနစ်နာရီကျော်လောက်ဆို ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး။ အဖမ်းခံရတာ လူငယ်တွေ များတယ်။ ဘယ်မှာဖမ်းထားမှန်း မသိရသေးဘူး”
စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ် ထောက်ခံသူ မအူပင်မြို့ခံတချို့ဟာ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းပြီး နောက် နေအိမ်တွေထဲ ဧည့်စာရင်းစစ်တာ၊ ဖမ်းဆီးတာတွေလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
အရပ်သားတွေ ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် ထုတ်ပြန်ချက်အရ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း နှစ်သောင်းကျော် (၂၁၄၇၉ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။