မဏိပူရ်ထောင်ထဲမှာ မြန်မာတွေ အရှိန်တိုးမြှင့်ဆန္ဒပြဖို့ ပြင်ဆင်နေ

RFA Burmese
2024.06.23
မဏိပူရ်ထောင်ထဲမှာ မြန်မာတွေ အရှိန်တိုးမြှင့်ဆန္ဒပြဖို့ ပြင်ဆင်နေ အိန္ဒိယ-မြန်မာနယ်စပ်တွင် စောင့်ကြပ်နေကြသည့် အိန္ဒိယရဲတပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Photo: Chin Post

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေ အစာငတ်ခံဆန္ဒပြလာတာ တစ်ပတ်ကျော်ပြီဖြစ်ပေမဲ့ အာဏာပိုင်တွေဘက်က ဘာမှညှိနှိုင်းဖြေရှင်းပေးတာမရှိဘူးလို့ အိန္ဒိယ- မြန်မာလေ့လာစောင့်ကြည့်ရေးအဖွဲ့ (India For Myanmar) တာဝန်ခံ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။

ဒါကြောင့် သူတို့တွေဟာ ထောင်ထဲမှာ အစာငတ်ခံ အသံတိတ်ဆန္ဒပြတဲ့ပုံစံကနေ ကြွေးကြော်သံတွေ ပြိုင်တူအော်ပြီး ဆန္ဒပြဖို့ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

" ဆန္ဒပြတာ တစ်ပတ်ကျော်လာတော့ တအားပင်ပန်းလာပြီ။ ဒါကြောင့် အာဏာပိုင်တွေဘက်က အာရုံစိုက်လာအောင် ကြွေးကြော်သံတွေနဲ့ လုပ်ဖို့ပြင်နေကြတယ်။ ဒါကို ပြင်းထန်အရေးယူမှုမျိုးမရှိအောင် လုပ်နေတယ်။ အားလုံးက လဲကုန်ပြီ။ ကျန်းမာရေးတော်တော်ထိခိုက်နေကြပြီ"

ဖမ်းဆီးခံထားရတဲ့ မြန်မာတွေကို မဏိပူရ်အစိုးရက စစ်ကောင်စီလက်ထဲ အတင်းအကျပ်ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် ဇွန်လ ၁၆ ရက်နေ့ကစလို့ အမျိုးသား ၉၉ ယောက် စတင်ဆန္ဒပြကြတာဖြစ်ပါတယ်။

တစ်ပတ်ကျော်ကြာလာချိန်မှာတော့ အဲဒီထဲက အယောက် ၃ဝ ကျော်ဟာ အာဟာရချို့တဲ့လာလို့ ဆန္ဒပြတာရပ်လိုက်ပြီး အမျိုးသား နှစ်ဦးလည်း ဆေးရုံတင်ထားရပါတယ်။

ဒါပေမဲ့ ကျန်တဲ့အယောက် ၆ဝ ကျော်ကတော့ ဆန္ဒဆက်ပြနေသေးတယ်လို့ဆိုပါတယ်။ ထောင်ထဲက အခြေအနေတွေကို နိုင်ငံတကာနဲ့ သတင်းမီဒီယာတွေသိရဖို့ ဖုန်းဆက်လို့ရတဲ့အချိန်မှာ India For Myanmar အဖွဲ့ကို အကြောင်းကြားပြီး အကူအညီတောင်းနေတာလို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

လက်ရှိ အင်ဖာထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည် ၁၅၉ ဦး ကျန်နေသေးပြီး သူတို့တွေကို နိုင်ငံတကာက အကူအညီပေးဖို့လည်းတောင်းဆိုပါတယ်။

မဏိပူရ်ပြည်နယ်ထဲမှာ လတ်တလောဖြစ်နေတဲ့ ကသည်းနဲ့ ကူကီးတွေရဲ့ လူမျိုးရေးပဋိပက္ခဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကြောင့်လို့ ပြည်နယ်အစိုးရက အပြစ်ပုံချထားပြီး၊ ဒုက္ခသည်တွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေတာပါ။

ပြီးခဲ့တဲ့ မေလဆန်းမှာ အမျိုးသမီးချည်း ၃၈ ဦး၊ ဇွန်လထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ၃၈ ဦး စုစုပေါင်း ၇၆ ဦးကို ဖမ်းဆီးပြီး မဏိပူရ်အစိုးရက စစ်ကောင်စီလက်ထဲ ပြန်ပို့လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။