မြန်မာဒုက္ခသည်တွေပြန်လွှတ်ဖို့ အိန္ဒိယအစိုးရထံ အရပ်ဘက်အဖွဲ့တစ်ရာကျော် တောင်းဆို

RFA Burmese
2025.03.20
မြန်မာဒုက္ခသည်တွေပြန်လွှတ်ဖို့ အိန္ဒိယအစိုးရထံ အရပ်ဘက်အဖွဲ့တစ်ရာကျော် တောင်းဆို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာ အကျဉ်းထောင်ကို တွေ့ရစဉ်။
e-pao.net

တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးချိန် ဖမ်းဆီးထောင်ချခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၁၄၀ ကျော်ကို အမြန်ဆုံးလွှတ်ပေးဖို့ အိန္ဒိယအစိုးရထံ အိန္ဒိယ-မြန်မာနယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့ ၁၉၆ ဖွဲ့က မတ် ၂၀ ရက် ဒီနေ့မှာ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဝန်ကြီးချုပ်များရုံးတွေပါ ပေးပို့သွားမယ်လို့ ဆိုပါတယ်။

မဏိပူရ်နဲ့ အာသံပြည်နယ်မှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အကျဥ်းကျနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၁၄၇ ဦးရှိပြီး အဲဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နာတာရှည်ရောဂါ ခံစားနေရတဲ့ သက်ကြီးပိုင်း ၁၂ ဦး ရှိပါတယ်။

မဏိပူရ်ပြည်နယ် အင်ဖာထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အသက် ၅၂ နှစ်အရွယ် ဦးမြင့်အောင်ဟာ အဆုတ်ရောဂါ နာတာရှည် ခံစားနေရသူဖြစ်ပြီး ဆေးကုသခွင့် အပြည့်အဝမရဘဲ မတ် ၁၀ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ထည်း ဖော်ပြထားပါတယ်။

ဒါကြောင့် စစ်ဘေးဒုက္ခသည်တွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်သန်၊ နေထိုင်ခွင့်ပြုဖို့နဲ့ ဖမ်းဆီးထောင်ချထားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုတယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရစဥ် သေဆုံးခဲ့သူတွေအတွက် တရားမျှတမှု ရှာဖွေပေးဖို့ကိုလည်း အရပ်ဘက်အဖွဲ့တွေက တောင်းဆိုပါတယ်။

အဲဒီမှာ ထောင်ချခံထားရသူတစ်ဦးရဲ့ မိသားဝင်က ထောင်ထဲက မိသားစုဝင်တွေ ကျန်းမာ‌ရေးအတွက် စိုးရိမ်နေပြီး အမြန်ဆုံး ပြန်လွတ်စေချင်တယ်လို့ RFA ကို ပြောပါတယ်။

“အဖေ့အတွက် ဆေး‌ဝါးတွေကို အတတ်နိုင်ဆုံး မိသားစုက ပို့ပေးရတယ်။ မဟုတ်ရင် အထဲမှာ အဆင်မပြေဘူး။ ပါရာစီတမော့တောင်ရဖို့ မလွယ်ဘူး။ ကျန်းမာရေးအတွက် စိုးရိမ်‌နေရတာပေါ့။ အမြန်ဆုံး ပြန်လွတ်လာစေချင်တယ်”

ဒီတောင်းဆိုမှုတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် ဒီနေ့ နေ့လယ်ပိုင်းမှာ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာပြည်တွင်းရေးအခြေအနေကို သိရှိထားပြီး မြန်မာဒုက္ခသည်တွေကို ဖမ်းဆီးထားတာဟာ ရေရှည်အကျိုးနဲ့ အနာဂတ် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတာကြောင့် ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ အိတ်ဖွင့်ပေးစာမှာ ထည့်သွင်း တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။