အကျဉ်းချခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ မဏိပူရ်ဝန်ကြီးချုပ်ထံ တောင်းဆို

RFA Burmese
2023.12.23
အကျဉ်းချခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ မဏိပူရ်ဝန်ကြီးချုပ်ထံ တောင်းဆို အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ် မိုးရေးမြို့တွင် အဖမ်းခံရသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: Explore Manipur

အိန္ဒိယနိုင်ငံ မဏိပူရ်အကျဉ်းထောင်မှာ တရားမဝင် နေထိုင်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး လွတ်ရက်စေ့နေပြီဖြစ်တဲ့ မြန်မာနိုင်ငံသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ India For Myanmar က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ဆီ အိတ်ဖွင့်ပေးစာပို့ပြီး တောင်းဆိုလိုက်ပါတယ်။

မဏိပူရ်ပြည်နယ်တွင်းမှာ အိန္ဒိယအစိုးရရဲ့ Foreigner Act ကို ချိုးဖောက်လို့ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၅ဝ ဝန်းကျင်ရှိတယ်လို့ India For Myanmar က ခန့်မှန်းပါတယ်။ ဖမ်းခံထားရသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ၂၂ ယောက် ပါဝင်ပါတယ်။ သူတို့အားလုံးဟာ ဥပဒေအတိုင်း ပြစ်ဒဏ်တွေ ကျခံပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီထဲက ၈၆ ယောက်ကို ဒီဇင်ဘာ ၁၅ ရက်နေ့က ပြန်လွှတ်ပေးမယ်လို့ ထောင်အာဏာပိုင်တွေက ကတိပေးခဲ့ပေမဲ့ လွှတ်မပေးတာကြောင့် အစာငတ်ခံဆန္ဒပြနေကြပါတယ်။ သူတို့ကို ပြန်လွှတ်မပေးဘဲ ဆက်လက်ထိန်းသိမ်းထားတာဟာ ဖမ်းဆီးခံထားရသူတွေရဲ့ လွတ်လပ်ခွင့်နဲ့ တရားမျှတမှု အခွင့်အရေးတွေ ဆုံးရှုံးစေတယ်လို့ India For Myanmar က ပြောပါတယ်။

ပြစ်ဒဏ်ကျခံပြီးသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးပြီး မြန်မာပြည်ကို ပြန်မပို့ဖို့နဲ့ မဏိပူရ်ပြည်နယ်တွင်း နေထိုင်ခွင့်မပြုရင်လည်း မီဇိုရမ်ပြည်နယ်နဲ့ နယူးဒေလီတို့မှာ ခိုလှုံခွင့်ရအောင် ပံ့ပိုးကူညီပေးဖို့လည်း ထည့်သွင်းတောင်းဆိုထားပါတယ်။

မြန်မာပြည်တွင်း နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကြောင့် အိမ်နီးချင်းနိုင်ငံ အိန္ဒိယကို ထွက်ပြေးခိုလှုံကြတဲ့ မြန်မာနိုင်ငံသားတွေအပေါ် လူသားချင်းစာနာထောက်ထားတဲ့ ရှုထောင့်နဲ့ အနာဂတ်နှစ်နိုင်ငံ ဆက်ဆံရေးကို ထောက်ထားပြီး မဏိပူရ်ပြည်နယ်တွင်း ခိုလှုံသူတွေကို စနစ်တကျ ကူညီကာကွယ်ပေးဖို့နဲ့ အကျဉ်းချခံထားရသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။

ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြနေကြသူတွေအတွက် သူတို့မိသားစုဝင်တွေကလည်း စိုးရိမ်ပူပန်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။