မန္တလေးမြို့ပေါ်မှာ နှစ်ရက်အတွင်း လူငယ် နှစ်ဆယ်ခန့် ဖမ်းဆီးခံရ

RFA Burmese
2024.08.29
မန္တလေးမြို့ပေါ်မှာ နှစ်ရက်အတွင်း လူငယ် နှစ်ဆယ်ခန့် ဖမ်းဆီးခံရ စစ်မှုထမ်း စစ်သင်တန်း အပတ်စဉ် (၄) တက်ရောက်နေသူများကို ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
Telegram/ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ

မန္တလေးတိုင်း တံတားဦးနဲ့ ပြည်ကြီးတံခွန်မြို့ပေါ် ရပ်ကွက်တွေမှာ ဩဂုတ်လ ၂၇ ရက်နဲ့ ၂၈ ရက် နှစ်ရက်အတွင်း လူငယ် နှစ်ဆယ်ဦးခန့်ကို စစ်မှုထမ်းဖို့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီး ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ အသက် ၁၉ နှစ်ကနေ ၃၀ အရွယ်ရှိတဲ့ လူငယ်အမျိုးသား အများစုပါဝင်ပြီး နာမည်နဲ့ အသေးစိတ်အချက်အလက်တွေ လတ်တလော မသိရသေးဘူးလို့ ဆိုပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညဘက်တွေမှာ နေအိမ်တွေအထိ လာရောက် ခေါ်ဆောင်တာရှိသလို ပေါ်တာဆွဲ ဖမ်းဆီးတာတွေပါ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်ကြီးတံခွန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အုပ်ချုပ်ရေးအဖွဲ့တွေက ညဘက်ကို အိမ်တိုင်ရာရောက် လာခေါ်တာလည်းရှိသလို ညဘက်လမ်းမှာတွေ့တဲ့ လူငယ်တွေကို ပေါ်တာဆွဲတဲ့သဘောနဲ့ ဖမ်းတာလည်းရှိတယ်။ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာကို နှစ်ဆယ်လောက် အခေါ်ခံရတယ်လို့ သိရတယ်။ ပြည်ကြီးတံခွန်မှာဆို ၁၅ ဦးလောက်ပါသွားတယ်"

မန္တလေးတိုင်းအတွင်းက တခြားမြို့နယ်တွေမှာလည်း စစ်မှုထမ်းဖို့ဆိုပြီး လူငယ်တွေ ဖမ်းဆီးခံရတာရှိပေမဲ့ အရေအတွက်နဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးနဲ့ မန္တလေးတိုင်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဩဂုတ်လ ၁၆ ရက်နေ့ကလည်း တံတားဦးမြို့ပေါ်က စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ အမျိုးသား တစ်ရာကျော်ကို စစ်မှုထမ်းဖို့အတွက်ဆိုပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် စစ်မှုထမ်းဖို့ နည်းလမ်းပေါင်းစုံနဲ့ လူသစ်စုဆောင်းမှုတွေ လုပ်ဆောင်နေပြီး လတ်တလောမှာ စစ်သင်တန်း အပတ်စဉ် (၅) အတွက် ရန်ကုန်၊ မန္တလေးအပါဝင် စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေမှာ လူသစ်စုဆောင်းမှုတွေ ဆက်တိုက်ရှိနေတာပါ။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ရဲ့ မေလမှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် စစ်မှုထမ်းသင်တန်းမှာ နိုင်ငံတစ်ဝန်းက လူငယ် ကိုးထောင်နီးပါး စုဆောင်းခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။