မန္တလေးမြို့ ရွှေဆိုင်တစ်ခုမှာ ရွှေနှစ်ပိဿာကျော် ဓားပြတိုက်ခံရ

RFA Burmese
2024.06.01
မန္တလေးမြို့ ရွှေဆိုင်တစ်ခုမှာ ရွှေနှစ်ပိဿာကျော် ဓားပြတိုက်ခံရ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့ညနေပိုင်းက ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံရသည့် မြင်ကွင်းကို CCTV မှ တွေ့ရစဉ်။
Screenshot: CCTV Video

မန္တလေးမြို့ မန်းမြို့ဈေးအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ဆယ်သန်းရွှေဆိုင်ကို မေလ ၃၁ ရက်နေ့ ညနေပိုင်းမှာ သေနတ်တွေ ကိုင်ဆောင်ထားတဲ့ လူတစ်စု ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ရွှေနှစ်ပိဿာကျော် ယူသွားတယ်လို့ မြို့ခံတွေနဲ့ ရွှေဆိုင်ဘက်က ပြောပါတယ်။

ဘယ်သူဘယ်ဝါ မသိရသေးတဲ့ အမျိုးသားခုနစ်ဦး ကားနဲ့ရောက်လာပြီး လေးဦးက သေနတ်တွေနဲ့အတူ ဆိုင်ထဲဝင်ရောက်ကာ ရွှေထည်တွေယူသွားတာလို့ ဆယ်သန်းဆိုင် တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့လာတဲ့သူက ခုနစ်ယောက်ရှိမယ်။ ဆိုင်ထဲဝင်လာတာက လေးယောက်ပေါ့။ အဲထဲမှာ တစ်ယောက်က သေနတ်အရှည် ကိုင်ထားတယ်။ ဝန်ထမ်းတွေကို မလှုပ်နဲ့ဆိုပြီး ပစ္စည်းတွေထုတ်ခိုင်းတယ်။ ပြီးတော့ သူတို့ဘာသာ ပစ္စည်းတွေယူပြီးထွက်သွားတယ်။ ဘာမှမကြာဘူး ခဏပဲ”

အဲဒီရွှေဆိုင်ဟာ အခုနှစ်ထဲမှာတင် ဓားပြတိုက်ခံရတာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး ပထမတစ်ကြိမ်ကလည်း ရွှေနှစ်ပိဿာလောက် ပါသွားတယ်လို့ ဆိုပါတယ်။

ဒီအပေါ်တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မန္တလေးမြို့မှာ ရွှေဆိုင်နဲ့ဘဏ်တွေ မကြာခဏ ဓားပြတိုက်ခံနေရပေမဲ့ အခုအချိန်အထိ ကျူးလွန်သူတွေကို မမိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။