မန္တလေးက ဗုံးခွဲတိုက်ခိုက်မှုအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရ

RFA Burmese
2024.05.24
မန္တလေးက ဗုံးခွဲတိုက်ခိုက်မှုအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရ မန္တလေးမြို့ အရှေ့ဘက် မြို့ပတ်လမ်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မန္တလေးမြို့က စစ်တပ်ကင်းတဲနဲ့ ရဲစခန်းတို့ မေလ ၂၁ ရက်နေ့က ဗုံးခွဲတိုက်ခိုက်မှုလုပ်ခဲ့ချိန် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ No More Dictatorship People Defence Force (NMD) တာဝန်ရှိသူတွေက ပြောပါတယ်။

မေလ ၂၁ ရက်နေ့ တစ်ရက်တည်းမှာ NMD အဖွဲ့က ချမ်းမြသာစည်မြို့နယ် မြဝတီဘဏ်ရှေ့က စစ်တပ်ကင်းတဲနဲ့ မဟာအောင်မြေမြို့နယ် အမှတ်(၇) ရဲစခန်းတို့ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အမှတ် (၇) ရဲစခန်းတိုက်ခိုက်ချိန်မှာတော့ ဗုံးချို့ယွင်းမှုကြောင့် မြို့ပြပြောက်ကျားရဲဘော်တွေကို ဗုံးစပြန်ထိမှန်ဒဏ်ရာရခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ချိန် မရခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ NMD ရဲ့ တာဝန်ရှိသူ ကိုချာလီ က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ရဲဘော်နှစ်ယောက်ထဲက တစ်ယောက်ကတော့ ဖမ်းဆီးခံလိုက်ရတယ်။ တိုက်ခိုက်တဲ့အချိန်မှာ ပစ္စည်း error (အမှားအယွင်း) ဖြစ်လို့ ရဲဘော်တွေကိုပြန်ပြီး ဗုံးစထိမှန်တာပေါ့။ များစွာ စိတ်မကောင်းဖြစ်မိတယ်။ များစွာနှမြောတယ်။ ကျွန်တော်တို့အနေနဲ့ စိတ်ဓာတ်ခိုင်ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်သွားနေပါတယ်။ လုပ်စရာရှိတာတွေ ဆက်လုပ်သွားမှာပါ”

မေလ ၂၄ ရက် ဒီနေ့အထိ ဖမ်းဆီးခံရသူ တပ်ဖွဲ့ဝင်ရဲ့ နောက်ဆက်တွဲအခြေအနေတွေကို မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာ၀န်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

No More Dictatorship People Defence Force (NMD) ဖွဲ့စည်းခဲ့တဲ့ နှစ်နှစ်ဝန်းကျင်အတွင်းမှာ တပ်ဖွဲ့ဝင် နှစ်ဆယ်ကျော် ဖမ်းဆီးခံခဲ့ရတာနဲ့ သေဆုံးတာတွေရှိခဲ့တယ်လို့ NMD အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။