မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ လုပ်ဆောင်ချက် မလေးရှား ပြင်းပြင်းထန်ထန်ဝေဖန်

2022.09.24
မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ လုပ်ဆောင်ချက် မလေးရှား ပြင်းပြင်းထန်ထန်ဝေဖန် မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ရာကွတ် (Ismail Sabri Yaakob) ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားနေစဉ်။
Photo : UN

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီကနေ ပြင်းပြင်းထန်ထန် အရေးယူခြင်းမရှိတဲ့အပေါ် ဝမ်းနည်းစိတ်ပျက်ရတယ်လို့ မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ရာကွတ် (Ismail Sabri Yaakob) မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောလိုက်ပါတယ်။

"အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန်လေးနက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ တစုံတရာမရှိကို စိတ်ပျက်ဖွယ် ဝမ်းနည်းဖွယ် ကောင်းပါတယ်။ လုံခြုံရေးကောင်စီက မြန်မာ့အရေးကို လက်ရှောင်ပြီး အာဆီယံကို လက်လွှဲပေးခဲ့တယ်လို့တောင် တချို့က မြင်ကြပါတယ်။အာဆီယံက ချမှတ်ထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတာကို မလေးရှားအနေနဲ့ စိတ်ပျက်မိပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်ဘက်က အကောင်အထည်ဖော်နိုင်ခြင်းမရှိပါဘူး။ အာဆီယံရဲ့ ဒီဘုံသဘောတူညီချက်တွေက ဆက်ကိုမရှိသင့်တော့ပါဘူး။ မူဘောင်သစ်ချမှတ်ဖို့ တိကျတဲ့ အချိန်သတ်မှတ်ချက်၊ ရှင်းလင်းပျက်သားတဲ့ ပန်းတိုင်ပြန်ချဖို့ လိုနေပါတယ်။ မြန်မာသူ မြန်မာနိုင်ငံသားတွေ လိုလားတောင်းတနေတာတွေကို ဖြည့်ဆည်းပေးဖို့က အဓိကကျပါတယ်။"

မလေးရှားဝန်ကြီးချုပ်က အစ္စမေးလ် ဆာဘရီ ရာကွတ်က ကုလသမဂ္ဂရဲ့ လုပ်ပုံကိုင်ပုံတွေ လုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းပုံတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။

"ယူကရိန်း၊ ပါလက်စတိုင်းနဲ့ မြန်မာအပါအဝင် ဒီကနေ့ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာတွေ မဖြေရှင်းနိုင်တာဟာ ကုလသမဂ္ဂရဲ့ ချို့ယွင်းချက်ကြောင့် ဖြစ်ပါတယ်။ ကုလရဲ့ လုံခြုံရေးကောင်စီမှာ အကြီးမားဆုံး ပြဿနာရှိနေတာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံကြီးတွေဟာ ဗီတိုအာဏာကို မကြာခဏ အလွှဲသုံးစား လုပ်လေ့ရှိကြပါတယ်။ ဒါဟာ ဒီမိုကရေစီမဟုတ်ပါဘူး။ ဒါဟာ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတာဖြစ်တယ်။ ဒါကြောင့် ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို ကုလလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတစ်ခုခုက ဖြေရှင်းပေးဖို့ မဖြစ်နိုင်ပါဘူး။"

ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် ၁၅ နိုင်ငံရှိပြီး၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ရုရှားနဲ့ တရုတ် ငါးနိုင်ငံက အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်ပါတယ်။

ဒီနိုင်ငံတွေထဲက တရုတ်နဲ့ ရုရှားဟာ မြန်မာ့အရေးဆုံးဖြတ်ချက်တွေမှာ ကန့်ကွက်လေ့ရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေဟာ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေအရေးကိုလည်း ပိုဆိုးလာနေကြောင်း၊ မြန်မာပြည်ထဲက ပဋိပက္ခကို မဖြေရှင်းနိုင်ဘဲ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ကိစ္စတွေကို လုပ်လို့မရနိုင်ကြောင်းလည်း မလေးရှားဝန်ကြီးချုပ်က ထည့်ပြောခဲ့ပါတယ်။

မနေ့က ကုလသမဂ္ဂညီလာခံကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ ဆောင်ရွက်ရာမှာ ပိုပိုအခက်အခဲ ရှိလာတယ်လို့ ထည့်ပြောခဲ့ပါတယ်။

" ရိုဟင်ဂျာ တစ်ယောက်မှ သူတို့ရဲ့ မူလနေရပ် မြန်မာနိုင်ငံဘက် ပြန်ပို့နိုင်တာ မရှိသေးပါဘူး။ မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး ကိစ္စဟာ ပိုလို့တောင် ခက်ခဲလာပါတယ်"

"ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်မှာ ကာလကြာရှည် လာရောက် နေထိုင်နေခြင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေးလုံခြုံရေးနဲ့ လူမှုရေး နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်စတဲ့ ကဏ္ဍအားလုံးကို တည်ငြိမ်မှု ပျက်ပြားစေပါတယ်”

ဒီနှစ်ကုလသမဂ္ဂရဲ့ နိုင်ငံခေါင်းဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် မိန့်ခွန်းပြောကြတဲ့ ညီလာခံမှာ မြန်မာနိုင်ငံဘက်ကတော့ တက်ရောက် စကားပြောခွင့်မရခဲ့ပါဘူး။

ကုလသမဂ္ဂရဲ့ နိုင်ငံကိုယ်စားပြုနေရာကိုရဖို့ စစ်ကောင်စီကရော၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကပါ တင်သွင်းထားပါတယ်။

နှစ်ဘက်စလုံးက တင်သွင်းချက်ကို ကုလကိုယ်စားလှယ် စိစစ်ရေးကောင်စီက စိစစ်ပြီး ဆုံးဖြတ်ချက်ပေးမှာ ဖြစ်ပေမယ့် အခုထိ ဆုံးဖြတ်ချက်ထွက်လာတာ မရှိသေးပါဘူး။

ပြည်တွင်း၊ ပြည်ပက မြန်မာ့အရေး တတ်ကြွလှုပ်ရှားသူတွေကတော့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ဖို့၊ NUG အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။