မလေးရှားထိန်းသိမ်းရေးစခန်းကနေ ရိုဟင်ဂျာ တစ်ရာကျော် ထွက်ပြေး
2024.02.02

မလေးရှားနိုင်ငံက ထိန်းသိမ်းရေး စခန်းတစ်ခုမှာ အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မလေးရှား ရဲတွေက မနေ့က ပြောတဲ့အကြောင်း AFP မှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က မလေးရှားနိုင်ငံ မြောက်ပိုင်း ပီရတ်ပြည်နယ်မှာရှိတဲ့ ဘီဒေါ ထိန်းသိမ်းရေးစခန်းက ရိုဟင်ဂျာ ၁၁၅ ယောက် နဲ့ အခြား ရွှေ့ပြောင်းနေထိုင်သူ ၁၆ ဦးတို့ဟာ ရုန်းရင်းဆန်ခတ်အခြေအနေတစ်ခု ဖန်တီးခဲ့ပြီးတဲ့နောက် ထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့ ရဲချုပ် မိုဟာမက် နီအန် အန်နာဝီက AFP ကို ပြောပါတယ်။
အာဏာပိုင်တွေဟာ အခုလို အဓိကရုဏ်း ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး ထွက်ပြေးသွားသူတွေထဲက တစ်ဦးဟာ အဝေးပြေးလမ်းမပေါ်မှာ ကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့လည်း မလေးရှား ရဲတွေက ပြောပါတယ်။
မလေးရှား ရဲနဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိ ၂၅၀ လောက်ဟာ ထွက်ပြေးသွားကြသူတွေကို အပူတပြင်း လိုက်ရှာနေကြပြီးနောက်ပိုင်း ငါးဦးကို ပြန်လည်ဖမ်းမိထားတယ်လို့ သူက ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့ဒေသမှာ ရှိနေတဲ့ AFP သတင်းဌာနက ဓာတ်ပုံသတင်းထောက်ကလည်း ... အာဏာပိုင်တွေဟာ လမ်းတွေပိတ်ထားပြီး၊ တောအုပ်နဲ့ ဆီအုန်းစိုက်ခင်းတွေထဲမှာ ထွက်ပြေးသွားသူတွေကို လိုက်ရှာနေကြတဲ့အကြောင်း၊ ဖမ်းမိသူတစ်ဦးကို လက်ထိပ်ခတ်ပြီး ပြန်ခေါ်သွားတာ တွေ့ရကြောင်း ပြောထားပါတယ်။
ရိုဟင်ဂျာတစ်သိန်းလောက်အထိ ရှိနေတဲ့ မလေးရှားနိုင်ငံမှာ အများစုက တရားမဝင်နေထိုင်နေတာ ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အခြား ဝင်ငွေနည်းအလုပ်အကိုင်တွေ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။