မလေးရှားမှာ တရားမဝင် မြန်မာနိုင်ငံသား အများအပြား ဖမ်းဆီးခံရဖွယ်ရှိ
2013.08.28
မလေးရှား အစိုးရက နိုင်ငံအတွင်း ဝင်ရောက်နေထိုင်နေတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို လာမယ့် စက်တင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ကနေစပြီး စီမံချက်နဲ့ ဖမ်းဆီးတော့မှာ ဖြစ်တဲ့အတွက် သက်သေခံ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၁သိန်းခန့် အဖမ်းဆီးခံရမယ့် အနေအထားရှိတယ်လို့ သိရပါတယ်။
ဒီစီမံချက်မှာ မလေးရှား အာဏာပိုင် အဖွဲ့အစည်းတွေနဲ့အတူ ဒုက္ခသည် ကဒ်အတုတွေကို ခွဲခြားစစ်ဆေးနိုင်ဖို့ UNHCR အရာရှိတချို့လည်း ပူးပေါင်း ပါဝင်မယ်လို့ သိရကြောင်း ချင်းဒုက္ခသည်များကို အကူအညီပေးနေတဲ့ ဆလိုင်းကျော်ကျော်က အခုလိုပြောပါတယ်။
“သူတို့ ၁၊ ၉၊ ၂၀၁၃မှာ စတင်ပြီးတော့ ဖမ်းဆီးတော့မယ်ဆိုတဲ့အကြောင်း၊အဲဒီမှာ ဘယ်လိုဖမ်းမှာလဲဆိုတော့ enforcement operation
လို့အမည်တပ်ထားတဲ့ အဲဒီ အော်ပရာစီပေါ့ဗျာ မလေးရှားနိုင်ငံ အတွင်းမှာရှိတဲ့ရဲရယ်၊ လဝကရယ်၊ ရေလား (မီးသတ်) ရယ် ပြည်သူ့စစ်ရယ်၊ စစ်တပ်နဲ့ ပူးပေါင်းပြီး
6P အစီအစဉ်နဲ့ တာဝန်ခံ အေးဂျင့်များရယ် နောက်ပြီးတော့ UN ကဒ်တရားဝင်ရရှိထားသူများအတွက်ပါ UN မှ တာဝန်ရှိသူများအားလုံး စုပေါင်းပါဝင်ပြီး
သူတို့ လိုက်လံ စစ်ဆေးပြီးတော့ ဖမ်းဆီး သွားမယ်လို့ သိရပါတယ်ခင်ဗျ၊ သူတို့ပြောပုံအရ 6P လုပ်ခဲ့တဲ့ အရာကို သက်တမ်း ကုန်သွားပြီပေါ့ဗျာ၊
နောက်ပြီးတော့ ဒီမှာ UN ကဒ်တွေကလည်း အတုတွေလည်း များနေတော့လေ၊အဲဒါကြောင့် UN အရာရှိတွေပါ ပါဝင်ပြီးတော့ သူတို့စစ်ဆေးပြီးတော့
ဖမ်းဆီးသွားမယ်လို့ ပြောသွားပါတယ်ခင်ဗျ”
6P အစီအစဉ်အရ အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို အထောက်အထား ပြုလုပ်ခွင့်ပေးပြီး မလေးရှားနိုင်ငံ အတွင်း နေထိုင် လုပ်ကိုင်ခွင့်ပြုခဲ့မှု လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့် အဆင့်၆ အရ အခုလို ရှာဖွေဖမ်းဆီး ထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မလေးရှား နိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသားဦးရေ စုစုပေါင်း ၂သိန်းခန့်ရှိပြီး၊ အဲဒီထဲမှာ အထောက်အထား မရှိသူ တစ်သိန်းလောက် ရှိတယ်လို့ မြန်မာဒုက္ခသည် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။